တိုယိုတာမဲခေါင်ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရန် ရန်ကုန်အသင်း အခြေအနေကောင်း

တိုယိုတာမဲခေါင်ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရန် ရန်ကုန်အသင်း အခြေအနေကောင်း
ရန်ကုန်အသင်းနှင့် လာအိုတိုယိုတာအသင်းတို့ အကြိတ်အနယ်ကစားခဲ့စဉ် (ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်)

နိုဝင်ဘာ ၂၃၊ ရန်ကုန်။              ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် တိုယိုတာမဲခေါင်ကလပ် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ပထမ အဆင့် ပွဲဦးထွက်တွင် လာအိုကလပ် အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ရန် အခြေ အနေကောင်းလာသည်။

တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ပထမအဆင့်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက် အသင်း၊ လာအိုကလပ် လာအိုတိုယိုတာအသင်းနှင့် ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်းစသည့် အသင်း သုံးသင်း ပတ်လည်ကစားရပြီး အမှတ်အများဆုံးရသည့်အသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

ရန်ကုန် အသင်းသည် မဲခေါင်ကလပ်ချန်ပီယံရှစ် ပွဲဦးထွက်တွင် အိမ်ကွင်း၌ လာအိုကလပ် လာအိုတိုယိုတာအသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိသည်။ လာအိုတိုယိုတာအသင်းသည် ပွဲဦးထွက်တွင် ကမ္ဘောဒီးယားကလပ်  Boeung Ket Angkor အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ရန်ကုန်အသင်းကို ထပ်မံရှုံးနိမ့်ခဲ့သောကြောင့် ပထမအဆင့်၌ပင် ထွက်ခဲ့ရသည်။

ရန်ကုန်အသင်းနှင့်  Boeung Ket Angkor အသင်းတို့သည် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် တစ်နေရာအတွက် လာမည့် နိုဝင်ဘာ ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်းနှင့် ရန်ကုန်အသင်းကို ပွဲစဉ်ကို ကမ္ဘောဒီး ယားနိုင်ငံ၊ နေရှင်နယ်အိုလံပစ်ဘောလုံးကွင်း၌ ကစားမည်ဖြစ်သည်။

အဆိုပါပွဲတွင် ရန်ကုန်အသင်းအနေဖြင့် သရေ ရလဒ် ရရှိပါက ဂိုးကွာခြားချက်အသာဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

' ပထမဆုံး ပွဲဦးထွက် ပွဲစဉ်မှာ ဂိုးပြတ် အနိုင်ရတဲ့အတွက် ကစားသမားတွေကို အရမ်း ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာကစားခဲ့တာ အရမ်းမကောင်းခဲ့ပါဘူး။ ပြင်ဆင်စရာလေးတွေ ရှိခဲ့ပါတယ်။
နောက်တန်းအားနည်းချက်ကိုတော့ နောက်ပွဲ မတိုင်ခင် ပြင်ဆင်နိုင်မယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာဟာ နောက်ပွဲ အတွက် ခွန်အားပါ။ နောက်ပွဲမှာ အနိုင်ကစားပြီး အကြိုဗိုလ်လုပွဲ တက်ရောက် မှာပါ။ အကြိုဗိုလ်လုပွဲ တက်ရောက်ဖို့ဟာ ပထမ ရည်မှန်းချက်ဖြစ်ပါတယ်'ဟု ရန်ကုန်အသင်းနည်းပြချုပ် အီမာဆင်က ပြော သည်။

ရန်ကုန်အသင်းနှင့် ကမ္ဘောဒီးယားကလပ်  Boeung Ket Angkor အသင်းတို့ပွဲတွင် အနိုင်ရသည့် အသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကလပ် Becamex Bình Dương အသင်းနှင့် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly