ပေကျင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ဖို့ ၂ ရက်အတွင်း လူ ၂ သန်းခန့် ရောဂါစမ်းသပ်စစ်ဆေးမယ်

ပေကျင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ဖို့ ၂ ရက်အတွင်း လူ ၂ သန်းခန့် ရောဂါစမ်းသပ်စစ်ဆေးမယ်
Photo - AFP

ဇန်နဝါရီ ၂၃ 

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဗီဇသစ်နဲ့ဆက်စပ်တယ်လို့ယူဆရတဲ့ အစုလိုက်အပြုံအလိုက်ရောဂါကူးစက်မှုတွေ တားဆီးနိုင်ရေးအတွက် ၄၈ နာရီအတွင်း လူပေါင်း နှစ်သန်းခန့်ကို ဗိုင်းရပ်စ်စမ်းသပ်မှုတွေလုပ်ဖို့ သောကြာနေ့မှာ စတင်လိုက်ပါတယ်။ 

ပေကျင်းမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဗိုင်းရပ်စ်ကူးစက်သူ ၁၉ ဦးရှိခဲ့ပါတယ်။

ထျန်းအန်းမင်ရင်ပြင်နဲ့ အစိုးရရုံးဝန်ကြီးဌာနရုံးများစွာတည်ရှိပြီး လူဦးရေ နှစ်သန်းခန့်ရှိတဲ့ ဒေါင်ချန်နဲ့ ရှီချန်ဒေသတွေမှာ ဗိုင်းရပ်စ်စမ်းသပ်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး ဆေးစစ်ခံဖို့ လူပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြတာပါ။ 

ဗိုင်းရပ်စ်စမ်းသပ်ခံဖို့ စောင့်ဆိုင်းနေတဲ့လူတန်းကြီးတစ်ခုဟာဆိုရင် ၄၀၀ မီတာ (၁ ၃၀၀ ပေ) လောက်ထိ ရှည်လျားပါတယ်။ 

တရုတ်နှစ်သစ်ကူးလည်း စတင်တော့မှာဖြစ်တာကြောင့် အာဏာပိုင်တွေက စနေနေ့မှာ ဗိုင်းရပ်စ်အပြီး စစ်ဆေးဖို့ စီစဉ်ထားကြပါတယ်။ 

ဒေသခံတွေဟာ အေးခဲလှတဲ့ရာသီဥတုအခြေအနေမှာ ရောဂါစမ်းသပ်ခံဖို့ ကြာရှည်စွာစောင့်ဆိုင်းရတဲ့အတွက် ညည်းညူနေခဲ့ကြပါတယ်။ 

တရုတ်လူမှုမီဒီယာ Weibo အသုံးပြုသူတစ်ဦးက ဗိုင်းရပ်စ်စမ်းသပ်ဖို့ သုံးနာရီကြာစောင့်ရတယ် ဆိုပြီး ရေးသားပြောဆိုခဲ့ပါတယ်။

ပေကျင်းတောင်ပိုင်းက ဒါရှင်းဒေသမှာလည်း တစ်စိတ်တစ်ပိုင်းလော့ဒေါင်း ချမှတ်ထားပြီး အနီးအနားက ရပ်ကွက်ဒေသငါးခုကိုလည်း အိမ်ထဲမှာနေဖို့ ညွှန်ကြားထားပြီး လူဦးရေ ၁.၆ သန်းခန့်ကို မြို့ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။

ပေကျင်းမှာတွေ့ရှိရတဲ့ ကူးစက်မှုအချို့မှာ ယူကေမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကူးစက်မြန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲနဲ့ ဆက်စပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့မှာ ရှန်ဟိုင်းမြို့က ပြည်တွင်းကူးစက်သူ ခြောက်ဦးနဲ့ ပေကျင်းက သုံးဦးအပါအဝင် တစ်နိုင်လုံးမှာ ကိုဗစ်-၁၉ အသစ်ကူးစက်သူ ၁၀၃ ဦးရှိခဲ့ပါတယ်။ ကူးစက်သူအများစုက နိုင်ငံအရှေ့မြောက်ပိုင်းက ဖြစ်ပါတယ်။

ကျန်ကမ္ဘာ့နိုင်ငံတွေမှာ မြင့်မားလာတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ၊ ဆေးရုံဝန်ပိမှုတွေနဲ့ ရုန်းကန်နေရပေမယ့် တရုတ်နိုင်ငံဟာ သေဆုံးသူ ၅ ၀၀၀ အောက်နဲ့ ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly