ရခိုင်စစ်ဘေးရှောင် အလုပ်သမား ၄ ဦးအား ခြိမ်းခြောက် ပိတ်လှောင်ထားမှုဖြင့် အလုပ်ရှင်ကို အမှုဖွင့်

ရခိုင်စစ်ဘေးရှောင် အလုပ်သမား ၄ ဦးအား ခြိမ်းခြောက် ပိတ်လှောင်ထားမှုဖြင့် အလုပ်ရှင်ကို အမှုဖွင့်
Photo - EPA

ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးရေးဇုန်ရှိ ဘဲမွေးမြူရေးခြံတွင် အလုပ်လုပ်ကိုင် နေ‌သော ရခိုင်စစ်ရှောင်အလုပ်သမား လေးဦးကို အလုပ်က ထွက်ခွင့်မပြုဘဲ ခြိမ်းခြောက်ပိတ်လှောင်ထားသည်ဟုဆိုကာ မတရားချုပ်နှောင်မှု ဥပဒေပုဒ်မ ၃၄၀ ဖြင့် အလုပ်ရှင်ကို  ညောင်နှစ်ပင် (ဂ) နယ်မြေရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း စစ်ရှောင်စခန်း တာဝန်ရှိများက ပြောသည်။

၎င်းတို့ လေးဦးကို ပြန်ခေါ်နိုင်ရေးအတွက် ညောင်နှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူးနှင့် တာဝန်ရှိသူများက အလုပ်သမားများရှိသည့် ဘဲမွေးမြူရေးခြံသို့ ဇန်နဝါရီလ ၁၇ ရက်နေ့က သွားရောက် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့သဖြင့် အလုပ်ရှင်ဖြစ်သူ ဦးဂျိုးဇက်ကို ဇန်နဝါရီလ ၁၉ ရက်နေ့က တိုင်တန်း အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း လှည်းကူးမြို့မှစစ်ရှောင်စခန်း တာဝန်ခံ ဦးအေးလှိုင်က ပြောသည်။

“သူတို့ အလုပ်ခေါ်ကတည်းက ကတိကဝတ်ထားထားတယ်တဲ့။ ဒီအလုပ်တွေကို လုပ်နိုင်ပါတယ်ဆိုပြီးတော့ ပြောတယ်တဲ့။ အဲလိုပြောတဲ့အခါကျတော့ ကျွန်တော်က အလုပ်သမား လေးယောက်ကိုလည်း အနားမှာ ခေါ်ထားပါတယ်။ အလုပ်သမား လေးယောက်က ဘာပြောလဲဆိုတော့ ကျွန်တော်တို့ကို ခေါ်တုန်းက နေ့ခင်းအလုပ်ပဲ ခေါ်တယ်တဲ့။ ညအလုပ် မပါဘူးတဲ့။ အခုအလုပ်လုပ်ရတာက နေ့ခင်းအလုပ်လုပ်ပြီးရင် ည ၂ နာရီကနေ မနက် ၄ နာရီအထိ လုပ်ရတဲ့အခါကျတော့ အိပ်ရေးပျက်တာတို့ ဘာတို့ဆိုတော့ မလုပ်နိုင်တော့ဆိုပြီး ပြောတာ။ ” ဟု ဦးအေးလှိုင်က ပြောသည်။
 
အလုပ်သမားလေးဦးသည် ဘဲမွေးမြူရေးခြံတွင် အလုပ်လုပ်ကိုင်ရာ အချိန်ပို အလုပ်စေခိုင်းမှုနှင့် အလုပ်ပင်ပန်းမှု ဒဏ်ကြောင့် အလုပ်မှထွက်လိုသော်လည်း အလုပ်ရှင်ဘက်က ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ခံထားရသည်ဟုဆိုသည်။

အလုပ်သမားများကို ပြန်ခေါ်လိုပါက တစ်ဦးလျှင် ငွေကျပ် ငါးသိန်းပေးရမည်ဖြစ်ပြီး အလုပ်သမားများ ထွက်ပြေးသွားပါက စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးအနေဖြင့် ငွေကျပ် သိန်းသုံးဆယ် ပေးလျော်ရန် အလုပ်ရှင်က စာချုပ်တွင် စခန်းတာဝန်ခံ ဦးအေးလှိုင်ကို လက်မှတ်အတင်း ထိုးခိုင်းခဲ့ကြောင်းလည်း ဆိုသည်။

 “ဒီကောင်တွေကို လွယ်လွယ်နဲ့ လွှတ်လို့မရဘူးတဲ့။ အခုချက်ချင်း စာရေးခိုင်းတာ သူ့မန်နေဂျာကို၊ စာထဲမှာ ဘာပါလဲဆိုတော့ နောက်နောင် ဒီအမှုကိစ္စနဲ့ ဒီအလုပ်သမား ကိစ္စနဲ့ လာပြီးတော့ ပတ်သက်ရင်သော် လည်းကောင်း၊  ဒီအလုပ်သမား လေးယောက် ထွက်ပြေးရင်သော်လည်းကောင်း ဦးအေးလှိုင်အနေနဲ့ သိန်း ၃၀ လျော်ပေးရမယ်ဆိုပြီး အတင်းလက်မှတ်ထိုးခိုင်းတာ ကျွန်တော်ကို။ သူတို့လုပ်တာတွေ မတရားတော့ဘူး။” ဟု ဦးအေးလှိုင်က ပြောသည်။

အလုပ်သမားလေးဦးဖြစ်သည့် အသက် ၃၀ နှစ်နှင့် ၅၀ နှစ်အရွယ် ဦးကျော်စိန်၊ ဦးစံသိန်းအောင်၊ ဦးမောင်ရွှေနှင့် ဦးမောင်ထွန်းစိန်တို့သည့် ယင်းဘဲခြံတွင် လုပ်ခလစာငွေ တစ်လ ၁၂၀၀၀၀ ကျပ်ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်ငွေ ယူဆောင်ထားခြင်းလည်းမရှိကြောင်း ဦးအေးလှိုင်က ပြောသည်။

လက်ရှိတွင် အလုပ်သမား လေးဦးကို အလုပ်ရှင်က ပြန်လွှတ်မပေးဘဲ ပိတ်လှောင်ထားဆဲ ဖြစ်ပြီး လက်ကိုင်ဖုန်းနှင့် မှတ်ပုံတင်များကို သိမ်းဆည်းထားသည့်အတွက် မိသားစုဝင်များနှင့်  အဆက်အသွယ်မရသဖြင့် အလုပ်သမားများ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြသည်။

အလုပ်သမားများအား ပြန်လည်ခေါ်ဆောင်ရေးနှင့် ပတ်သက်ပြီး ကူညီပေးနေသည့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ (ဥပဒေအထောက်အကူပြုဌာန)မှ ကိုအောင်သူက “အခုလိုမျိုး အထဲမှာပိတ်ပြီးတော့ ဘယ်ကိုမသွား၊ ဘယ်ကိုမသွားနဲ့ ဥပဒေအရ လုပ်ပိုင်ခွင့်မရှိဘူး။ လုပ်ပိုင်ခွင့်မရှိတဲ့ဟာကို သူတို့လုပ်ထားတယ်။ စာချုပ်စာတန်းရှိတယ်ဆိုလို့ရှိရင်လည်း ဥပဒေအတိုင်းအရေးယူပေါ့။ ဒါပေမယ့် အလုပ်သမားတွေကိုတော့ သူ့နေရာနဲ့သူ ပြန်လွှတ်ပေးလိုက်ပေါ့။” ဟု ပြောသည်။

လတ်တလောတွင် လှည်းကူးစစ်ရှောင်စခန်း တာဝန်ရှိသူများနှင့် အလုပ်သမားအရေး ကူညီနေသူများကို ဇန်နဝါရီလ ၂၁ ရက်တွင် ညောင်နှစ်ပင်နယ်မြေ ရဲစခန်းက တွေ့ဆုံရန် နယ်မြေရဲစခန်းမှူးက ခေါ်ယူထားကြောင်း သိရသည်။  

လှည်းကူးမြို့ စစ်ရှောင်စခန်းတွင် နေထိုင်သူများမှာ တပ်မတော်နှင့် ရခိုင့်တပ် (AA ) တို့၏ တိုက်ပွဲကြောင့် ပြီးခဲ့သည့် တစ်နှစ်ကျော်လောက်က စတင်ကာ ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းလာကြသူများဖြစ်ပြီး စစ်ရှောင်စခန်းတွင် ကြုံရာကျပန်းလုပ်ကိုင်ကာ စားဝတ်ရေးအတွက် ဖြေရှင်းနေကြရသူများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly