ရာနဲ့ချီဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဆောက်လုပ်ရေးလုပ်သားများ လုပ်အားခအပြည့်ပေးခြင်းနှင့် လူမှုဖူလုံရေးကြေးရရှိအောင်ဆောင်ရွက်ပေးမည်ဟုဆို

ရာနဲ့ချီဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဆောက်လုပ်ရေးလုပ်သားများ လုပ်အားခအပြည့်ပေးခြင်းနှင့် လူမှုဖူလုံရေးကြေးရရှိအောင်ဆောင်ရွက်ပေးမည်ဟုဆို
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇန်နဝါရီ ၂၁ 

ဆန္ဒပြမှုဖြစ်ပေါ်ခဲ့တဲ့ Yoma Central ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ  အလုပ်သမားများ၏ လုပ်ခလစာများ အချိန်မီရရှိရေးနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့် ("SSB") ကြေးကို ရက်အနည်းငယ်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ရက်စွဲဖြင့် ယင်းကုမ္ပဏီမှထုတ်ပြန်ခဲ့သည်။

Yoma Central စီမံကိန်းသည် Yoma Group1 နှင့် ၎င်း၏မိတ်ဖက်များအတူတကွ ပူးပေါင်းရင်းနှီးမြှုပ်နှံ တည်ဆောက်လျှက်ရှိသည့် စီမံကိန်းဖြစ်ပါသည်။ အဆောက်အဦးတည်ဆောက်ရန်အတွက် BYMA-Taisei Joint Venture ဖက်စပ်လုပ်ငန်းအဖွဲ့အစည်းအား အဓိကဆောက်လုပ်ရေးကန်ထရိုက်တာအဖြစ် ခန့်အပ်ဆောက်လုပ် နေခြင်းဖြစ်ပါသည်။

BYMA Myanmar Limited (“BYMA”)2 နှင့် BYMA2 ၏ ဆောက်လုပ်ရေးအလုပ်သမားများ အကြား အငြင်းပွားမှုမှာ BYMA အနေဖြင့် နေ့စားလုပ်အားလစာ တွက်ချက်မှု ပုံစံအား ယခင်က အလုပ်မပြီးမီ ကြိုတင်တွက်ချက်သည့် ပုံစံအစား အမှန်တကယ်အလုပ်ဆင်း သည့် နေ့ရက်အပေါ်တွက်ချက်သည့် ပုံစံသို့ ပြောင်းလဲခြင်းကြောင့်ဖြစ်ပြီး၊ လုပ်အားခ ကွာခြားမှုအား တစ်ကြိမ်တည်း စာရင်းညှိနှိုင်းရန်ဖြစ်ပေါ်ခဲ့ပါသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

 အဆိုပါတွက်ချက်မှုပုံစံပြောင်းလဲမှုနှင့် စာရင်းညှိနှိုင်းမှုများအား ရှင်းလင်းတင်ပြမှု မလုံလောက်ခြင်းနှင့် အားနည်းခြင်းများရှိသည့်အတွက် နားလည်မှုကွဲလွဲခြင်းများဖြစ်ပေါ်ခဲ့ပါသည်။ BYMA အနေနှင့် နောက်အပတ်လုပ်အားခ ပေးခြေရမည့်အချိန်ကို မစောင့်ဆိုင်းဘဲ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့်မနက်တွင်ပင် ညှိနှိုင်းရန်ကျန်သည့် လုပ်အားခအပြည့်ကို ချက်ချင်း ပေးအပ်ခဲ့သဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဇန်နဝါရီလ ၁၉ရက် နေ့လည်ပိုင်းက Yoma Central ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ဆောက်လုပ်ရေး အလုပ်သမားများမှ လုပ်ခလစာနှင့် အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ မကျေနပ်မှု ကြောင့် ရန်ကုန်မြို့၏ လမ်းမပေါ်တွင် ရာနဲ့ချီတဲ့အလုပ်သမားများဗိုလ်ချုပ်လမ်းမအားပိတ်ကာ ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုကြောင့် အများပြည်သူအား အနှောက်အယှက် ပေးအဆင်မပြေမှုများ ဖြစ်စေခဲ့သည့်အတွက်  Yoma Central မှအနူးအညွှတ်တောင်းပန်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။

လူမှုဖူလုံရေး အကျိုးခံစားခွင့် ("SSB") နှင့် ပတ်သက်၍ BYMA နှင့် ၎င်း၏ အလုပ်သမားများ၊ SSB နှင့် အစိုးရ ဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ရာ ထုတ်ယူရန်ကြန့်ကြာနေသည့် လူမှုဖူလုံရေး ထောက်ပံ့ငွေများကို လာမည့်ရက်များတွင် ပေးအပ်သွားမည့်အပေါ် သက်ဆိုင်ရာနှင့် သဘောတူညီခဲ့ကြကြောင်းလည်း ယင်းထုတ်ပြနချက်တွင် ပါရှိသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

COVID-19 အခက်အခဲများကြားတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အလုပ်သမားပေါင်း ၄၀၀၀ အား ဆက်လက်အလုပ်ခန့်အပ်ထားခဲ့ပြီး သူတို့၏ ဘေးကင်းလုံခြုံမှုအတွက်လည်း များစွာ လုပ်ဆောင်ထား ပေးခဲ့ကြောင်း၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်း အစိုးရမှ လုပ်ငန်းခွင်ရပ်တန့်ထားသည့် ကာလတွင်ပင် အလုပ်သမားများ၏ ဝမ်းရေးကို ပံ့ပိုးသောအားဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကန်ထရိုက်တာများ၏ အလုပ်သမားများအနေဖြင့် မျှတသောဆက်ဆံမှုရရှိစေရန်နှင့် လုပ်ခလစာများကို အချိန်မှန် ရရှိရန်အတွက် စိစစ်ဆောင်ရွက် ပေးသွားဖြစ်ကြောင်းလည်း ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဂရန်းမီးရထားဝင်းထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင် နေသည့်  အလုပ်သမားတွေဟာထမင်းစားချိန်နားတဲ့အချိန်ကစပြီး နိုင်ငံတော်က ပေးအပ်သည့် လူမှုဖူလုံရေးကြေးအပါအဝင် လုပ်အားခအပြည့်အဝရှင်းပေးရေးတို့ကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

လူမှုဖူလုံရေးကြေးရရှိရေး၊ အလုပ်သမားစာချုပ် ရရှိရေး၊ လုပ်ငန်းခွင်သုံးလုံခြုံပစ္စည်းများ ထောက်ပံ့ရေး၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးပေးရေးစတဲ့ အချက်(၆)ချက်၊ကို အလုပ်သမားတွေက တောင်းဆိုခဲ့ကြသည်။

ဒီဆန္ဒပြမှုအပါအဝင် ယခင်က ဆန္ဒပြမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၁၉ရက်က ဆန္ဒပြမှုသည် လူဦးရေ အများအပြားနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မြေ ၁၀ဧကကျယ်ဝန်းတဲ့ ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ဆူးလေဘုရားလမ်းထောင့်မှာရှိသည့် ဂရန်းမီးရထားဟိုတယ်ဝန်းအတွင်းမှာ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်နှစ်လုံး၊ အကြီးစားရှောပင်းစင်တာ၊ ကိုဒီုမီနီယမ်၊ ရုံးခန်းအဆောက်အအုံတွေပါဝင်မှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly