Zoom ကတဆင့်သူလျှိုလုပ်မှုဟာ တရုတ်မှာရှိတဲ့ နိုင်ငံခြားသားတွေအတွက် သတိပေးခေါင်းလောင်းသံပါပဲ

Zoom ကတဆင့်သူလျှိုလုပ်မှုဟာ တရုတ်မှာရှိတဲ့ နိုင်ငံခြားသားတွေအတွက် သတိပေးခေါင်းလောင်းသံပါပဲ

ဇန်နဝါရီလ ၂၁ ၊ ၂၀၂၁ 

ကွယ်လွန်သွားပြီဖြစ်တဲ့ စုံထောက်ဝတ္တုရေးဆရာကြီး ဒေးဗစ် ကွန်ဝဲလ်က ၂၁ ရာစုရဲ့ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ကို ဇာတ်ကောင်တည်ပြီး ဝတ္ထုမရေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုနေသာ သူရှိခဲ့ရင် သူ့ရဲ့  ပြိုင်ဘက်ကင်းဇာတ်ကောင်ကို ကာလီဖိုးနီးယား ဗီဒီယိုကွန်ဖရင့်ကုမ္ပဏီဖြစ်တဲ့ Zoom ရဲ့ တရုတ်နိုင်ငံအခြေစိုက် အမှုဆောင်အရာရှိချုပ်ဟောင်း ဂျင်းရှင်ကျန်း (ဂျူလီယံဂျင်း)ရယ်လို့ ပုံဖော်နိုင်ပါတယ်။
 
မစ္စတာဂျင်းဟာ ပြီးခဲ့သည့်လက အမေရိကန်တရားရေးဝန်ကြီးဌာနကနေ တင်သွင်းခဲ့တဲ့ ထူးထူးခြားခြား တိုင်ကြားချက်မှာပါဝင်နေပြီး သူဟာ တရုတ်ရဲနဲ့ ပြည်နယ်လုံခြုံရေးကိုယ်စား Zoom အသုံးပြုတဲ့သူတချို့ကို စောင့်ကြည့်တာရယ်၊ အနှောင့်အယှက်ပေးတာတွေရယ်တို့ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
 
ဒီလိုစောင့်ကြည့်နှောက်ယှက်တာတွေဟာ နိုင်ငံစုံကုမ္ပဏီတွေက ဝန်ထမ်းတွေကို တရုတ်ကွန်မြူနစ်ပါတီက ဖိအားပေးနိုင်တယ်ဆိုတာရယ်၊ စီးပွားဖြစ် သတင်းအချက်အလက်တွေအခိုးခံရတာ၊ ဂုဏ်သတင်းထိခိုက်မှုတွေရယ်ကြောင့် ဆုံးရှုံးမှုတွေ ကြုံတွေ့နိုင်တယ်လို့ ညွှန်းဆိုနေတဲ့ သင်္ကေတဖြစ်ပါတယ်။ မစ္စတာဂျင်းရဲ့ ရှက်စရာကောင်းတဲ့အပြုအမူ  အထူးသဖြင့် အမေရိကန်နဲ့ တရုတ်အစိုးရတွေဟာ တစ်ဦးနဲ့ တစ်ဦး ကုမ္ပဏီတွေကို ပိုပစ်မှတ် ထားတာကိုရင်ဆိုင်နေတာမို့ ဒါဟာ တရုတ်မှာရှိတဲ့ နိုင်ငံစုံ ကုမ္ပဏီတွေက ဝန်ထမ်းတွေ ကြုံလာရနိုင်တဲ့အနေအထားဖြစ်ပါတယ်။
 
မကြာသေးခင် ရက်သတ္တပတ်တွေနဲ့ လတွေအတွင်းမှာ သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအပေါ် နည်းပညာနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေလုပ်လာပြီး အပြင်းအထန်ကိုင်တွယ်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ သမ္မတ ရှီကျင့်ဖျင်အစိုးရဟာ အမေရိကန်အရာရှိတွေကို အလားတူ တုံ့ပြန်ခွင့်ပြုတဲ့ ဥပဒေရေးရာ အစီအမံတွေပြင်ဆင်ထားပါတယ်။ ပေဂျင်းကတော့ ဂျိုးဘိုင်ဒန် အစိုးရသစ်အနေနဲ့ နောက်ထပ်တင်းမာမှုတွေကိုလုပ်မှာမဟုတ်လောက်ဘူးလို့ မျှော်လင့်ပြီး ဆန်ရှင်လုပ်တာတွေကိုဆောင်ရွက်တာမရှိသေးပါဘူး။ ဒါပေသိ အမေရိကန်သမ္မတသစ်ဟာ  မစ္စတာထရမ့် မကြာခင်ကလုပ်ဆောင်ထားခဲ့တဲ့ ဘယ်လုပ်ရပ်ကိုမဆို ရုတ်ခြည်းပြောင်းလဲပစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်လောက်တဲ့ကိစ္စပါ။
 
မစ္စတာဂျင်းဟာ ၂၀၁၆ ခုနှစ်တုံးက ကျယ်ကျန်းပြည်နယ်အရှေ့ပိုင်း မြို့တော် ဟန်ကျိုးက Zoom ရုံးမှာ တာဝန်ထမ်းခဲ့ပါတယ်။ နောင်သုံးနှစ်အကြာ ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ Zoom ရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို Facebook, Google, Twitter  တို့လိုပဲ တရုတ်နိုင်ငံမှာ အသုံးပြုခွင့်ပိတ်ပင်ခံရပါတယ်။

အမေရိကန်တရားရေးဌာနက မစ္စတာဂျင်းအပေါ် စွဲချက်တင်ထားတာနဲ့ပတ်သက်လို့ Zoom က တုံ့ပြန်တာမှာ ပါတဲ့အချက်တစ်ခုအရဆိုရင်  “အဲဒီအချိန်မှာ ကျွန်တော်တို့က အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းတွေကို ထမ်းဆောင်နေတဲ့ ကုမ္ပဏီငယ်တစ်ခုဖြစ်တယ်။ တရုတ်ပိတ်ခြင်းက ကျွန်တော်တို့ရဲ့ နိုင်ငံစုံဖောက်သည်တွေ အတွက် တရုတ်နိုင်ငံက သူတို့ရဲ့ဝန်ထမ်းတွေ၊ မိတ်ဖက်တွေနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း မရှိတာကြောင့် သိသိသာသာ အနှောက်အယှက်ဖြစ်စေတယ်။ သူတို့က ဝန်ဆောင်မှုကို ပြန်လည်စတင်ဖို့ ချက်ချင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ကို တိုက်တွန်းခဲ့တယ်။” လို့ ဖော်ပြခဲ့ပါတယ်။

Zoom ကုမ္ပဏီအနေနဲ့ သူ့ရဲ့ဝန်ဆောင်မှုတွေ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးမှာ ပြန်လည်ထူထောင်ဖို့ကြိုးစားတော့ မစ္စတာဂျင်းကို တရုတ်အစိုးရနဲ့ဆက်ဆံဖို့ Zoom ရဲ့ ကိုယ်စားလှယ်အရာရှိအဖြစ် ခန့်အပ်ခဲ့ပါတယ်။

 ပေကျင်းနဲ့ဆက်ဆံရတာ ကြေးကြီးလှပါတယ်။ မစ္စတာရှီကျင့်ဖျင် အစိုးရ စိုးရိမ်တဲ့ တီယန်အန်မင် ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဒါမှမဟုတ် ဟောင်ကောင် ဒီမိုကရေစီရေး လိုလားတဲ့ ဆန္ဒပြပွဲတွေလိုပဲ တရုတ်က အထိခိုက်မခံတဲ့အကြောင်းအရာတွေကို ဆွေးနွေးဖို့ Zoom ကိုသုံးရင် ဘယ်သူမဆို ဘယ်နေရာမှာပဲသုံးသုံး တရုတ်ဥပဒေကို ဖောက်ဖျက်ရာရောက်ပါတယ်။

မစ္စတာဂျင်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုပြောတာကို ကိုးကားပြီး အမေရိကန်တရားရေးဌာနက တိုင်တန်းထားချက်အရဆိုရင် တရုတ်ရဲတွေဟာ Zoom ကို “လတ်တလောတရားမဝင် ဖြစ်ရပ်များ” နဲ့ ပတ်သက်တဲ့ ဆွေး နွေးမှုတွေအတွက် “ကြိုတင်အသိပေး အကြောင်းကြား” စေလိုခဲ့တယ်လို့ ဆိုပါတယ်။

 “ဟောင်ကောင် ဆန္ဒပြပွဲတွေလို ကျွန်တော်တို့ရဲ့ နေ့စဉ်စောင့်ကြည့်လေ့လာမှု အသေးစိတ်အချက်အလက်အချို့ကို သူတို့ကိုပေးစေချင်တယ်။ တစ်ချို့အရာတွေကိ တရားဝင်၊ မဝင် ဆုံးဖြတ်ရခက်ခဲတာတွေရှိတာကြောင့် သူတို့က ဆုံးဖြတ်ဖို့ ကူညီလိမ့်မည်လို့ပြောကြတယ်” လို့ မစ္စတာဂျင်းက ပြောတာကိုတွေ့ရပါတယ်။
 
မစ္စတာဂျင်းဟာ အဲဒီအချိန်ကစလို့ Zoom ကနေ အလုပ်ထုတ်ခံခဲ့ရပြီး တရုတ်ပြည်မှာရှိနေဦးမယ်လို့ ယူဆရပါတယ်၊ ဒါပေမဲ့ ဆက်သွယ်လို့မရပါဘူး။

နှစ်လအတွင်းမှာပဲ Zoom ကုမ္ပဏီဟာ တရုတ်အာဏာပိုင်တွေနဲ့ လျှို့ဝှက်“ ပြင်ဆင်ခြင်းအစီအစဉ်” ကို သဘောတူခဲ့ပါတယ်။ အဲသလိုနဲ့ Zoom ရဲ့ တရုတ်ဝန်ဆောင်မှုတွေဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ပြန်ရခဲ့ပါတယ်။

မစ္စတာဂျင်းဟာ တရုတ်အာဏာပိုင်တွေအတွက် Zoom ကို ဆက်သွယ်ရမဲ့ အဆက်အသွယ်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့သည့်နှစ် တီယန်အန်မင်ဖြိုခွဲမှု ၃၁ နှစ်မြောက် နှစ်ပတ်လည် နီးကပ်လာချိန်မှာ အမေရိကန်အခြေစိုက်နေထိုင်သူတွေပါဝင်တဲ့  အွန်လိုင်းဆွေးနွေးသူတွေကို စောင့်ကြည့်ဖို့နဲ့ အနှောက်အယှက်ပေးဖို့ရာမှာ ပြည်နယ်လုံခြုံရေးအေဂျင်စီတွေကို ကူညီခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အမေရိကန်ဆာဗာတွေကို လိုအပ်သလိုမဝင်နိုင်တဲ့အခါ “အချို့သော အတွင်းပိုင်းထိန်းချုပ်မှုများကို ကျော်လွှားရန်”ကြိုးပမ်းဖို့ သူ့မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူလုပ်ခဲ့တယ်လို့ဆိုပါတယ်။
 
တခြားနိုင်ငံစုံကုမ္ပဏီတွေက အမှုဆောင်အရာရှိတွေအနေနဲ့ Zoom တစ်ခုကပဲ ဒီလိုအားနည်းချက်တွေရှိတာမဟုတ်ဘူး၊ Boeing, ExxonMobil, Goldman Sachs စတဲ့ ကုမ္ပဏီတွေဟာလည်း ပေကျင်းက အကဲဆတ်တယ် ဒါမှမဟုတ် တရားမဝင်ဘူးလို့မှတ်ယူထားတဲ့ တရုတ်ဒီမိုကရေစီလှုပ်ရှားမှုတွေပတ်သက်ရင် ဘာကိုမျှ ထောက်ပံံ့ကူညီပေးနေတာတော့ မဟုတ်ပါဘူး။
 
ဒါပေမဲ့ အဲသလို သွားကြည့်ရင် မှားပါလိမ့်မယ်။ တရုတ်လုံခြုံရေး အေဂျင်စီတွေက Zoom ရဲ့ စနစ်ထဲကို  ဝင်ရောက်ခွင့်ရချင်ခဲ့ကြတာဖြစ်ပြီး သက်သေအထောက်အထားတွေ စုဆောင်းဖို့နဲ့ အစည်းအဝေးလုပ်တာတွေကို နှောက်ယှက်ကြဖို့ဖြစ်ပါတယ်။ တခြားကုမ္ပဏီတွေရဲ့ စနစ်တွေကကော သူတို့ဘာလိုချင်နေပါသလဲ။ အဖြေကတော့ တော်တော်လေးကိုများပါတယ်။ တရုတ်က သူ့နိုင်ငံထဲမှာ အခြေစိုက်နေတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေကို စပြီးဖိအားပေးလိုက်တာနဲ့ ရပ်တည်ဖို့အတွက် ရွေးစရာ တစ်ခြားနည်းလမ်းမရှိတော့ပါဘူး။  

(Financial Times ပါ Tom Mitchell ရဲ့ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required