ပေကျင်း၌ ကိုဗစ်-၁၉ ကူးစက်မှုများ ဆက်လက်ရှိနေ၍ တင်းကျပ်သည့် လုပ်ငန်းစဉ်များ ချမှတ် 

ပေကျင်း၌ ကိုဗစ်-၁၉ ကူးစက်မှုများ ဆက်လက်ရှိနေ၍ တင်းကျပ်သည့် လုပ်ငန်းစဉ်များ ချမှတ် 

ဇန်နဝါရီ ၂၀

သီတင်းသုံးပတ်ကျော်အတွင်း ကိုဗစ်-၁၉ အသစ် ကူးစက်ဖြစ်ပွားမှု နေ့စဉ် အလွန်မြင့်မားနေသည့် သတင်းများကြောင့် တရုတ်၊ ပေကျင်းမြို့တော်သည် ဒီဇင်ဘာ ၁၀ ရက်စတင်၍ နိုင်ငံတွင်း ပြည်ပမှ ဝင်ရောက်လာသူအားလုံးကို ခြေရာကောက်စုံစမ်းသွားမည်ဖြစ်သကဲ့သို့ မြေအောက်ဘူတာရုံတစ်ခုကိုလည်း ပိတ်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။ 

တရုတ် လနှစ်နှစ်သစ်ကူးပွဲတော်ရာသီ မတိုင်မီ ၂၀၂၀ မတ်လနောက်ပိုင်း ကိုဗစ်-၁၉ အဆိုးဆုံး ကူးစက်ဖြစ်ပွားနေခြင်းကြောင့် ယခုကဲ့သို့ လုပ်ငန်းများ ချမှတ်လာခြင်းဖြစ်သည်။ ပြည်သူ သန်းပေါင်းများစွာ ခရီးသွားလာလည်ပတ်ကြမည့် အချိန်ဖြစ်သော လနှစ်သစ်ကူးပွဲတွင် နောက်ထပ် ကိုဗစ်-၁၉ လှိုင်းသစ် ကျရောက်ကာ နိုင်ငံအား လော့ဒေါင်းအခြေအနေအတွင်း ပြန်လည်ရောက်ရှိစေမည်ဆိုသော စိုးရိမ်ပူပန်မှုများလည်း မြင့်တက်နေသည်။ 

ဇန်နဝါရီ ၁၉ ရက်တွင် ကိုဗစ်-၁၉ အသစ်ကူးစက်သူပေါင်း ၁၀၃ ဦး ရှိပြီး ယင်းမတိုင်ခင် အစောပိုင်းက ၁၁၈ ဦး ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်တွင် ကူးစက်မှုသစ် ၄၆ မှု ရှိပြီး နေစဉ် ကူးစက်မှု စံချိန်တင်ကာ‌ ပေကျင်းပတ်လည်က ဟူဘေးပြည်နယ်တွင် ကူးစက်မှုသစ် ၁၉ မှု ရှိသည်။ 

ပေကျင်းမြို့တော်တွင် ကူးစက်သူ နောက်ထပ် ခုနစ်ဦး ရှိ၍ ဒီဇင်ဘာ ၂၈ ရက်က ကူးစက်နှုန်းနှင့် ထပ်တူကျနေသည်။ အဆိုပါ အသစ်ကူးစက်သူ လူနာများတွင် ခြောက်ဦးမှာ တာရှင်းခရိုင်က ဖြစ်ပြီး ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထိုလူနာများနှင့် နီးစပ်စွာ တည်ရှိသည့် တျန်ဂုံယန်းမြေအောက်ဘူတာကို ပိတ်ထားကြောင်း ရထားလမ်းအော်ပရေတာက ပြောသည်။ 

ပေကျင်းမြို့တော် ပါတီနှင့် အစိုးရခေါင်းဆောင်ပိုင်းက အင်္ဂါနေ့နှောင်းပိုင်း၌ စည်းဝေးတွေ့ဆုံပြီး တင်းကျပ်စွာ စောင့်ကြည့်မှုများ၊ လူစုလူဝေး နည်းပါးအောင်နှင့် အများပြည်သူယာဉ်များတွင် ခရီးသည်နှုန်းထား လျှော့ချရေးတို့ကို သဘောတူခဲ့ကြောင်း ကွန်မြူနစ်ပါတီ ကျောထောက်နောက်ခံပြုသည့် ပေကျင်းနေ့စဉ်သတင်းစာက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly