မြန်မာနေရှင်နယ်လိဂ် (MNL) ရဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ နိုင်ဂျီးရီးယားတိုက်စစ်မှူး အကွာရာဖေးလ် ဆာဆက်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ဆာဆက်ဟာ ၂၀၁၉ နဲ့ ၂၀၂၀ ဘောလုံးရာသီတို့မှာ ဧရာဝတီယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ၂၀၁၉ ရာသီက ၁၀ ဂိုးနဲ့ ၂၀၂၀ ရာသီက ၁၆ ဂိုး သွင်းယူကာ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းဘုရင်ဆုရခဲ့ပါတယ်။
"ရှမ်းယူနိုက်တက်အသင်းက မြန်မာပြည်မှာ အကောင်းဆုံးအသင်းပါ။ လာမယ့်ရာသီအတွက် ပြင်ဆင်နေတာတွေ အရမ်းကောင်းပါတယ်။ ပြည်ပပြိုင်ပွဲ (AFC Champions League) ကစားခွင့်ရမယ်ဆိုတာက တကယ့် အိပ်မက်ပဲ။ ကျနော့်အတွက် ပထမဆုံးသော နိုင်ငံတကာပြိုင်ပွဲအတွက် အများကြီး ပြင်ဆင်ထားပါတယ်။"လို့ ဆာဆက်က ဆိုပါတယ်။
ဆာဆက်ဟာ ဧရာဝတီအသင်းကို ရောက်ရှိမှသာ ပရိုအသင်းမှာ စတင်ကစားခဲ့ဖူးတာဖြစ်ပြီး၊ ဒီအသင်း မတိုင်မီက နိုင်ဂျီးရီးယားနိုင်ငံမှာ အပျော်တမ်းအသင်းဖြစ်တဲ့ Air Force FC မှာ ကစားခဲ့သူဖြစ်ပါတယ်။
ဆာဆက်ကို ခေါ်ယူမှုနဲ့ ပတ်သက်လို့ နည်းပြချုပ် ဦးဟန်ဝင်းအောင်က "သူ့ကစားပုံက ရှေ့တန်းနေရာ အတော်များများအတွက် အသုံးတည့်မှာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူရခဲ့တဲ့ ခြေစွမ်းနဲ့ ဂိုးတွေက လေးစားဖို့ ကောင်းပါတယ်။ အခုလို ကစားသမားတွေ ခေါ်ယူခွင့်ပေးခဲ့တဲ့ အသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ သုံးနှစ်ဆက် အမှတ်ပေးချန်ပီယံဖြစ်ဖို့ ကြိုးစားသွားပါမယ်။"လို့ ဆိုပါတယ်။
၂၀၁၉ နဲ့ ၂၀၂၀ အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ သီဟဇော်၊ စိုးလွင်လွင်၊ ကျော်ဇင်လွင်၊ သန်းပိုင်နဲ့ ဆာဆက်တိုကို ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပါတယ်။