တရုတ်နိုင်ငံမှာ ကိုဗစ်လူနာနဲ့ထိတွေ့သူ ၂၀ ၀၀၀ ကျော်ကိုထားဖို့ ယာယီကွာရန်တင်းစင်တာ ဆောက်

တရုတ်နိုင်ငံမှာ ကိုဗစ်လူနာနဲ့ထိတွေ့သူ ၂၀ ၀၀၀ ကျော်ကိုထားဖို့ ယာယီကွာရန်တင်းစင်တာ ဆောက်
Photo - AFP

ဇန်နဝါရီ ၁၉ 

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်ခဲ့တဲ့ တရုတ်နိုင်ငံမြောက်ပိုင်းက ရှီးကျားကျွမ်းမြို့မှာ ကိုဗစ်လူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေကို ထားဖို့ ယာယီကွာရန်တင်းစင်တာ ဆောက်လုပ်နေပါတယ်။ 

ပေကျင်းမြို့ရဲ့ အနောက်တောင်၂၉၄ ကီလိုမီတာ (၁၈၀ မိုင်) အကွာမှာရှိတဲ့ ရှီးကျားကျွမ်းမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေက ဒေသခံ ၂၀ ၀၀၀ ကျော်ကို လာမယ့် ဗုဒ္ဓဟူးနေ့ကစပြီး အဆိုပါ ကွာရန်တင်းစင်တာတွေဆီ ပို့ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာန CCTV က ကြေညာခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်စစ်ဆေးခြင်းနဲ့ ခရီးသွားလာမှုကန့်သတ်ခြင်းအပါအဝင် တင်းကျပ်တဲ့ စီမံချက်တွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခဲ့တာပါ။ 

ဒါပေမယ့် မကြာသေးခင်သီတင်းပတ်တွေအတွင်းက အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာလို့ ရုတ်တရက်လော့ဒေါင်းအသစ်တွေချမှတ်ပြီး ကွာရန်တင်းစင်တာအသစ်ကို အားချင်းတည်ဆောက်နေရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ရောဂါကူးစက်သူ ၁၄၄ ဦးတွေ့ရှိခဲ့ပြီး မတ်လနောက်ပိုင်း တစ်နေ့တာကူးစက်မှု အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရောဂါကူးစက်သူအများစုက ဟယ်ဘေးပြည်နယ်ကဖြစ်ပါတယ်။ 

ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် အဆိုပါပြည်နယ်က လူဦးရေ ၂၂ သန်းလောက်ကို လော့ဒေါင်း ချမှတ်ထားပါတယ်။ 

အာဏာပိုင်တွေက ခုတင် ၃ ၀၀၀ ထောင်ကျော်ပါဝင်တဲ့ ယာယီဆေးကုသရေးစင်တာကိုလည်း အလျင်အမြန်တည်ဆောက်နေရပါတယ်။ 

လတ်တလော ဖြစ်ပွားနေတဲ့ ကူးစက်မှုတွေဟာ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှုတွေကြောင့် ဖြစ်ဟန်ရှိပြီး ကူးစက်မှုအများစုကို မြို့ပြင်ပရှိ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတွေမှာ တွေ့ရပါတယ်။ 

လာမယ့် နှစ်သစ်ကူးလမှာ ရွှေ့ပြောင်းအလုပ်သမားသန်းပေါင်းများစွာဟာ သူတို့ရဲ့ မွေးရပ်မြေ ရွာတွေကို ပြန်ဖို့ရှိနေပါတယ်။

တရုတ်ဟာ အဆိုပါနှစ်သစ်ကူးပွဲမတိုင်မီ အဓိကလူအုပ်စုဝင်တွေဖြစ်တဲ့ လူဦးရေ သန်း ၅၀ လောက်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly