အင်ဒိုနီးရှားမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ကုသပေးရင်း ဆရာ၀န်တွေ ၀န်ပိနေ

အင်ဒိုနီးရှားမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ကုသပေးရင်း ဆရာ၀န်တွေ ၀န်ပိနေ
Photo - AFP

ဇန်နဝါရီ ၁၉

အင်ဒိုနီးရှားနိုင်ငံ ဆူလာ‌ဝေစီကျွန်းမှာ အကြီးအကျယ် ပျက်စီးမှုတွေဖြစ်စေခဲ့တဲ့ ငလျင်တစ်ခုကြောင့် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြသူ အမြောက်အမြားကို ကုသပေးဖို့ ဆရာ၀န်တွေနဲ့ သူနာပြုတွေ မနားမနေ ကြိုးပမ်းနေကြရလျက်ရှိရာမှာ အဆိုပါ ဆရာ၀န်၊ သူနာပြုတွေဟာ အလုပ်တွေများလွန်းလို့ ခြေကုန်လက်ပန်းကျနေခဲ့သလို ကိုဗစ်-၁၉ ရဲ့ အန္တရာယ်ကိုလည်း ရှောင်ရှားနိုင်ဖို့ပါ ကြိုးပမ်းရလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ အစောပိုင်းက ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့လို့ အနည်းဆုံး လူပေါင်း ၈၄ ဦး သေဆုံးပြီး လူထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒ့ါအပြင် ငလျင်ကြောင့် ပင်လယ်ကမ်းခြေမြို့ မာမူဂျူ မှာ အဆောက်အအုံတွေလည်း ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

မြို့ထဲမှာ ငလျင်ကြောင့် မပြိုမပျက်ဘဲ ကျန်ခဲ့တဲ့ ဆေးရုံတစ်ရုံရဲ့ အပြင်ဘက်မှာ ‌ဆောက်လုပ်ထားတဲ့ ယာယီ ဆေးကုသရေးစင်တာတစ်ခုမှာ ငလျင်ကြောင့် ခြေကျိုးလက်ကျိုး ဒဏ်ရာရခဲ့သူတွေနဲ့ အခြားထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့ လူနာတွေကို အကာအကွယ်၀တ်စုံတွေ ၀တ်ထားတဲ့ ဆရာ၀န်တွေက ကုသပေးခဲ့ကြပါတယ်။

ငလျင်လှုပ်ပြီးနောက် ပထမဆုံးရက်တွေမှာ အကူအညီ အင်အားဖြည့်တင်းမှုတွေ မရောက်လာခင်က အင်အားအနည်းငယ်မျှသာ ရှိခဲ့တဲ့ ဆရာ၀န်၊ သူနာပြုတွေဟာ အလုပ်တွေကို “မရပ်မနား” လုပ်ခဲ့ကြရပါတယ်။ ဒါပေမယ့် ဆေးနဲ့ အခြား အထောက်အပံ့ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့အတူ အကူအညီ အင်အားဖြည့်တင်းမှုဟာ လုံလောက်ရုံမျှသာ ရှိနေဆဲ ဖြစ်ပါတယ်။

“ကျွန်မတို့ဟာ လုံးလုံးလျားလျား မနိုင်မနင်း ဖြစ်ခဲ့ရတဲ့ အချိန်တစ်ခုကို ကြုံခဲ့ရပါသေးတယ်၊ ကျွန်မ သူနာပြုတွေ ဆိုရင်လည်း ငလျင်ဒဏ် ခံခဲ့ရသူတွေပဲလေ၊ သူတို့တွေဆိုရင် သူတို့တွေရဲ့ မိသားစုတွေကို ကူညီပေးခဲ့ရပါသေးတယ်” လို့ အနောက်ဆူလာ‌ဝေစီ အထွေထွေဆေးရုံမှ ညွှန်ကြားရေးမှူး အင်ဒါဝါတီ နာစယမ်စီက ပြောပါတယ်။

အရေးကြီးလူနာတွေကို ဦးစားပေးကုသပေးနေတဲ့ လူပြည့်သိပ်နေတဲ့ လဟာပြင် ကုသရေးစင်တာတစ်ခုမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တားဆီးဖို့အတွက် ဆရာ၀န်တွေဟာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို သီးခြားခွဲထားဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတစ်ချို့ကိုတော့ ဆေးရုံအနောက်ဘက်က ဘာသာရေး၀တ်ပြုအခန်းတစ်ခုထဲမှာ ထားရှိထားပါတယ်။

ဆေးရုံအနေနဲ့ ခွဲစိတ်ကုသမှုတွေအတွက် နောက်ထပ် အခန်းတွေ ဖွင့်ဖို့ ကြိုးပမ်းနေသလို ထိခိုက်ဒဏ်ရာရသူတွေကို ကုဖို့ အပြင်ဘက်မှာ ထပ်တိုး ကုသရေးစင်တာတွေ ဖွင့်ဖို့ လုပ်နေပါတယ်။

ဒါပေမယ့် နောက်ထပ် ငလျင်တစ်ခု ထပ်လှုပ်နိုင်ပြီး အဆောက်အအုံ ပြိုကျမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် လူနာတွေနဲ့ ဆေးရုံအမှုထမ်းတစ်ချို့ဟာ အဆောက်အအုံအတွင်းပိုင်းမှာ ရှိနေဖို့ ငြင်းဆန်နေခဲ့ကြပါတယ်။

“အဆောက်အအုံထဲမှာ မနေရဲလို့ အပြင်ဘက်မှာ ထားပြီး ကုပေးပါ ဆိုပြီး ပြောနေကြတဲ့ လူနာတွေ ရှိနေပါတယ်” လို့ နာစယမ်စီက ပြောပါတယ်။

ကုသစောင့်ရှောက်မှုပိုင်းကို အကူအညီပေးဖို့ အနီးအနား ဒေသတစ်ခုက ရောက်လာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် သူနာပြုတစ်ဦးဖြစ်တဲ့ အေဂရီယန်နီကတော့ သူမဟာ ရောက်ကတည်းက နေ့ရောညရော အလုပ်လုပ်နေခဲ့ရတယ်လို့ ပြောပါတယ်။

“ပင်တော့ ပင်ပန်းတာပေါ့လေ၊ ပင်ပန်းပေမယ့်လည်း ကျွန်မရဲ့ အလုပ်က သူနာပြု ဖြစ်တဲ့အတွက် ဒီလိုပဲ လူနာတွေကို ပြုစုစောင့်ရှောက်ပေးရမှာပါ” လို့ သူမက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly