တူနီးရှားနိုင်ငံမှာ ဆူပူအုံကြွမှုတွေ ၃ ရက်ဆက်တိုက် ဖြစ်ပွား  

တူနီးရှားနိုင်ငံမှာ ဆူပူအုံကြွမှုတွေ ၃ ရက်ဆက်တိုက် ဖြစ်ပွား  
Photo - AFP

ဇန်နဝါရီ ၁၈ 

 တူနီးရှားနိုင်ငံရဲ့ မြို့ကြီးတစ်ချို့မှာ ဆူပူအုံကြွမှုတွေ သုံးရက်ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ လူငယ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ တင်းကျပ်တဲ့ လော့ခ်ဒေါင်းတစ်ရပ် ရှိနေပေမယ့်လည်း ယင်းနိုင်ငံရဲ့ မြို့တစ်ချို့မှာ ဇန်နဝါရီ ၁၇ ရက်က သုံးရက်ဆက်တိုက်အဖြစ် ပဋိပက္ခတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။
 

မြို့တော် တူးနစ်ရဲ့ အစွန်အဖျားမှာ ရှိတဲ့ အလုပ်သမား လူတန်းစားတွေ နေတဲ့ အက်တက်ဒမန်း အရပ်မှာတော့ လူငယ်အမျိုးသားတွေက အဓိကရုဏ်းရဲတွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရဲတွေဘက်ကလည်း မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။  

မြို့တော်နဲ့ အခြား မြို့ကြီးတွေမှာ ညဘက်ပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူလှုပ်ရှားမှုတွေအတွင်း  ဒါဇင်နှင့်ချီတဲ့ လူငယ်တွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ယင်းနိုင်ငံမှာ ၂၀၁၁ ဇန်နဝါရီ ၁၄ ရက်က အာဏာရှင် ဘန်အလီကို ရာထူးမှ ပြုတ်ကျသွားစေခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခု တင်းတင်း ပြည့်မြောက်တဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့စလို့ နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လော့ခ်‌ဒေါင်းတစ်ရပ်ကို ချမှတ်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အက်တက်ဒမန်းအရပ်မှာတော့ နိုင်ငံရေးကြွေးကြော်သံတွေတော့ မကြားခဲ့ရပါဘူး။ 

“ဒါတွေက ဆန္ဒပြပွဲတွေ မဟုတ်ပါဘူး၊ ဒါတွေက လုဖို့ယက်ဖို့နဲ့ လူစိတ်၀င်စားအောင် လုပ်ဖို့ အတွက် အနီးပတ်၀န်းကျင် အရပ်ဒေသတွေကနေ လာကြတဲ့ လူငယ်တွေ ဖြစ်ပါတယ်” လို့ အသက် ၂၆ နှစ်အရွယ် ‌ဒေသခံတစ်ဦးဖြစ်တဲ့ အောက်ဆာမာက ပြောပါတယ်။ 

“ဆန္ဒပြပွဲတစ်ခုကတော့ သိပ်မကြာခင် ဖြစ်လာပါလိမ့်မယ်၊ ဒါက ထင်သာမြင်သာ ရှိပါတယ်” 

လမ်းတွေပေါ်မှာ ရှိနေသူတွေဟာ “စိတ်ကုန်ငြီးငွေ့နေကြတဲ့ ဆယ်ကျော်သက်တွေ” ဖြစ်ကြတယ်လို့ အနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ၀ိတ်တာတစ်ဦးဖြစ်တဲ့ အက်ဘ်ဒဲလ်မိုနီယမ်းက ပြောပါတယ်။ ဒါပေမယ့်လည်း ခုလို ဆူပူအကြမ်းဖက်မှုနဲ့ပတ်သက်လို့ နိုင်ငံရဲ့ တော်လှန်ရေးကာလ အလွန် စီမံအုပ်ချုပ်သူတွေအပေါ် ၎င်းက အပြစ်တင်သွားခဲ့ပါတယ်။ 

“ဒီလို ဆိုးသွမ်းလူငယ်တွေဆိုတာက အဲဒီ စီမံအုပ်ချုပ်သူတွေရဲ့ လုပ်နည်းကိုင်နည်းတွေ မမှန်လို့ ‌ပေါ်လာခဲ့တာပါ” လို့ အသက် ၂၈ နှစ်ရှိ အက်ဘ်ဒဲလ်မိုနီယမ်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly