စင်ကာပူသို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ လာရောက်မည်

စင်ကာပူသို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ လာရောက်မည်

အိန္ဒိယဝန်ကြီးချုပ်မိုဒီက နိုဝင်ဘာ ၂၃ ရက်တွင် စင်ကာပူသို့ နှစ်ရက်တာခရီးလာရောက်မည်ဖြစ်သည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ လာရောက်သည့် မိုဒီခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်လည်းဖြစ်သည်။ ခရီးစဉ်အတွင်း မဟာဗျူဟာမိတ်ဖက် ပူးပေါင်းမှုကို လက်မှတ်ရေးထိုးကာ စင်ကာပူနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်မည်ဖြစ်သည်။

အဆိုပါ မိတ်ဖက်ပူးပေါင်းမှုသည် စမတ်မြို့ပြ၊ ကျွမ်းကျင်လုပ်သား၊ ဆက်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းတို့ကဲ့သို့ အဓိကကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးစီးပွားကို မြှင့်တင်သွား မည်ဖြစ် သည်။

မိတ်ဖက်မဟာဗျူဟာတွင် အိန္ဒိယနှင့် စင်ကာပူကြား လေကြောင်းဆက်သွယ်မှုအပါအဝင် ကူးလူးဆက်ဆံမှု အရေးကြီးခြင်းကို ဖော်ကျုးသွားမည်ဖြစ်သည်။ ယင်းအစီအစဉ်ဖြင့် နှစ်နိုင်ငံကြား အပြင် နှစ်နိုင်ငံပြည်သူချင်းကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများကို တိုးမြင့်လာစေနိုင်မည်ဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက်တွင် ဒုတိယဝန်ကြီးချုပ် သာမန်းရှန်မူဂရတ်နမ် သဘာပတိမူသည့် ပွဲတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး အက်စ်အစ်ဝါရန် နှင့် စီးပွားရေးသမားများ တက်ရောက်မည့် အိန္ဒိယ-စင်ကာပူ စီးပွားရေးကွန်ဗင်းရှင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ထိုပြင် ITE ကောလိပ်သို့လည်း ဝန်ကြီးချုပ် လီရှန်လွန်းနှင့် အတူသွားရောက်လည်ပတ်ကာ စင်ကာပူ၏ ပညာရေးစနစ်ကို လေ့လာမည်ဖြစ်သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly