“စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေကို ချမ်းသာ ကြွယ်ဝစေသလောက် ဆင်းရဲသား ပြည်သူတွေကို မြေမြှုပ်သတ်ဖြတ်နေတဲ့ ကျောက်စိမ်းမြေ”

“စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေကို ချမ်းသာ ကြွယ်ဝစေသလောက် ဆင်းရဲသား ပြည်သူတွေကို မြေမြှုပ်သတ်ဖြတ်နေတဲ့ ကျောက်စိမ်းမြေ”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ လင်းအားကြီး အချိန်လောက်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ရွာနားက ကံခါ စုပေါင်းမြေစာပုံကြီး ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မြေပြိုမှုကြောင့် လူပေါင်း ၁၀၀ ကျော်ကနေ ၂၀၀ အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းရပြီး ၂၁ ရက်နေ့ ည အထိ အလောင်း ၈၀ နီးပါး ရှာဖွေ တွေ့ရှိထားပြီလို့ ဆိုပါတယ်။ သေဆုံးသွားသူတွေဟာ ဆင်းရဲလို့ အနယ်နယ် အရပ်ရပ် ကနေ ဖားကန့်မှာ ရေမဆေးကျောက် ရှာဖို့ လာရောက်နေထိုင်ကြသူတွေပါ။ မြန်မာပြည်က ကျောက်စိမ်းသယံဇာတ ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေကို ကြွယ်၀ ချမ်းသာစေသလောက် တိုင်းပြည်ကို ချွတ်ခြုံကျစေရုံမက စစ်ပွဲတွေကိုလည်း ရှည်ကြာစေ၊ ဆင်းရဲသားတွေကိုလည်း မြေမြှုပ်ပစ်နေတာကို ဒီ သတင်းက ဖော်ပြနေပါတယ်။ ပြသနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ဒီလို ပြသနာမျိုးနောင် မဖြစ် ပွားအောင် တားဆီးနိုင်မယ့် နည်းလမ်းတွေများ မရှိနိုင်တော့ဘူးလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

မြေပြိုမှုဖြစ်တဲ့ တဲတန်းလျားတွေရဲ့ အထက်ဘက်မှာ လျန်ရှမ်းမျိုးနွယ်စု၊ ရတနာရောင်ခြည်နဲ့ ရတနာအောင်ချမ်း ကုမ္ပဏီတို့ ပူးပေါင်းမြေစာပစ်တဲ့ နေရာ တည်ရှိပါတယ်။ မြေစာတွေ ဖုံးလွှမ်းသွားတဲ့ တဲတန်းလျားတွေမှာ အနယ်နယ် အရပ်ရပ်က ရေမဆေးကျောက်ရှာတဲ့သူတွေ လာရောက် တဲထိုးနေထိုင်ရာကနေ လူနေရပ်ကွက်သဖွယ် ဖြစ်နေတာလို့ ဆိုပါတယ်။ လူနေရပ်ကွက်ဆိုပေမယ့် ယာယီ တဲထိုးပြီးပဲ နေထိုင်ကြတာကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ မရှိသလို၊ တဲဘယ်နှစ်လုံး၊ လူဦးရေ ဘယ်နှစ်ယောက် စတဲ့ စာရင်းဇယားတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

စွန့်ပစ် မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာသူတွေဟာ ညဘက် ရောက်တာနဲ့ နီးစပ်ရာ ရွာတွေကိုပြန်၊ မနက် ပြန်လာ အလုပ်လုပ် ဆိုတာမျိုး မလုပ်နိုင်ပါဘူး။ အသွားအပြန် ခရီးဝေးသလို၊ သယ်ယူ ပို့ဆောင်ပေးမယ့် မော်တော်ယာဉ်လိုမျိုးလည်း မရှိတာကြောင့် မြေစာပုံနဲ့ နီးရာနေရာတွေမှာပဲ ယာယီတဲလေးတွေ ထိုးပြီး ဖြစ်သလို နေထိုင်ကြတာပါ။

အဲဒီနေရာကို ဈေးရောင်းသူတွေနဲ့ ကျောက်ဝယ်သူတွေကလည်း လာလေ့ရှိပါတယ်။ ဒီနေရာမှာ မြေစာပုံနဲ့ လွတ်ရာမှာ နေလို့ မရဘူးလားလို့ မေးစရာ ရှိပါတယ်။ အခု မြေပြိုကျတဲ့ နေရာဟာ မြေစာပုံနဲ့ အတော်ဝေးပါတယ်။ အရင်မြေစာပုံ အဟောင်းနေရာဝန်းကျင်မှာလို့ ယူဆ ရပြီး နေရာ အတော်များများမှာ သစ်ပင်တွေလည်း ပေါက်နေပါပြီ။ နောက်တစ်ချက်က ယာယီတဲထိုး နေထိုင်သူတွေဟာ သိပ်မြင့်တဲ့ ဘေးလွတ်ရာ နေရာတွေမှာလည်း နေလို့ မရပါဘူး။ သွားလာရေး ခက်မှာရယ်၊ ရေ မရမှာရယ် စတဲ့ အခက်အခဲတွေကြောင့် ခုလို မြေနိမ့်ပိုင်း၊ ရေနဲ့နီးရာမှာ စုဖွဲ့နေကြတာပါ။

မြေပြိုမှု ဖြစ်နိုင်မယ်လို့ ဘယ်သူကမှ မတွက်ဆ နိုင်တာကြောင့် ခုလို စုပေါင်းပြီး နေထိုင်ကြတာပါ။ ကျောက်တူး မြေကော်၊ မြေစာတွေကို တစ်နေရာပုံ ဆိုတဲ့ နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့ လုပ်ငန်းတွေကြောင့် ဖားကန့် ဧရိယာမှာ မြေစာပုံတွေဟာ နေရာ အနှံ့မှာပါပဲ။ မြေစာပုံကြောင့် မြစ်ကြောင်းတွေ ပြောင်းသလို မိုးရွာတာကြောင့်လည်း မြေစာပုံတွေ မကြာခဏ ပြိုကျ လူသေပျောက်မှုတွေ မကြာခဏ ဖြစ်တာပါ။ အခု ဖြစ်ရပ်ကတော့ မိုးမရွာပဲနဲ့ ရေစိမ့်ထွက်တဲ့ နေရာရဲ့ အပေါ် မြေစာတွေ စွန့်ပစ်မိရာက နောက်ပိုင်း အောက်ခြေမှာ ရေလှိုက်စားပြီး ပြိုကျခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ရှင်းပြကြပါတယ်။

တဲ အလုံး ၅၀-၆၀ လောက်က လူပေါင်း ၁၀၀ ကျော် ၂၀၀ နီးပါး မြေကြီးအောက်ရောက်ပြီး သေဆုံးကုန်လို့ မှတ်မိသမျှ အနှစ် ၁၀-၂၀ အတွင်း အဆိုးရွားဆုံး လူသေဆုံးမှု ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ သတင်းကတော့ ကျောက်စိမ်းမြေ ဟာ ဆင်းရဲသားတွေကိုလည်း မြေမြုပ်ပစ်နေတယ် ဆိုတာကို ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ လ ပိုင်းကတော့ ကမ္ဘာကျော် အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့ကြီးက မြန်မာနိုင်ငံ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ ကျောက်စိမ်း၊ မြန်မာနိုင်ငံဇ။် ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက် လို့ နာမည်ပေးထားတဲ့ အဲဒီ အစီရင်ခံစာမှာ မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေကရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိနိုင်ပြီး နောက်ကွယ်ကနေ ချုပ်ကိုင်ထားတဲ့သူတွေ ထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ အစိုးရဝန်ကြီး ဦးအုန်းမြင့် ပိုင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်းထုတ်လုပ်မူကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်း အမျိုးအစား လေးမျိုးရှိပြီး အဲဒါတွေ ကတော့ အစိုးရဆီက တရားဝင်လိုင်စင်ရထားတဲ့ ကုမ္ပဏီကြီးတွေ၊ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်၊ ထူး၊ အေရှားဝေါ၊ ကမ္ဘောဇ စတဲ့ကုမ္ပဏီတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ ပတ်သက်တဲ့သူတွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့KIO တို့ပိုင်ဆိုင်တဲ့ ကျောက်စီမ်း ကုမ္ပဏီတွေရှိနေပြီး အခုလက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေက အဲဒီ ကျောက်စိမ်းထုတ်လုပ်မူလုပ်ငန်းနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့လည်း Global Witness အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို ပြည်တွင်းစစ်ကို ရှည်ကြာစေတဲ့၊ စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေကို အကျိုးအမြတ် အကြီးကြီးတွေ ရစေတဲ့ ကျောက်စိမ်းမြေဟာ ဆင်းရဲသားပြည်သူတွေကိုတော့ မြေကြီးအောက် နှစ်မြှုပ်ပစ်နေ သလို ဖြစ်နေတာပါ။ အခု လူ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ ပြသနာ ပြေလည်စေဖို့ ရေတိုမှာ လုပ်နိုင်တာက စွန့်ပစ်မြေစာပုံတဲ့ လုပ်ငန်းကို နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ် ယူပြီး သဘာ၀ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား မထိခိုက်အောင် စနစ်တကျ ကြီးကြပ် လုပ်ကိုင်စေတဲ့နည်းပါ။ ရေမဆေးကျောက် ရှာသူတွေကိုလည်း ဘေးလွတ်ရာမှာ နေထိုင်နိုင်အောင် အကူအညီပေးဖို့ လိုပါလိမ့်မယ်။ ရေရှည်အတွက်ကတော့ ပြည်တွင်းစစ် ရပ်စဲနိုင်အောင် ကြိုးစားပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကြီး တစ်ခုလုံးကို ပွင့်လင်းမြင်သာမှုရှိတဲ့၊ စနစ်တကျ ထုတ်ယူတဲ့ လုပ်ငန်းမျိုးဖြစ်အောင် စီမံခန့်ခွဲမှု အသစ်တွေနဲ့ လုပ်ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly