ထရမ့်ရဲ့နောက်ဆုံးရက်တွေမှာ ရာထူးကနေ ဖယ်ရှားဖို့ လုပ်ဆောင်မယ်လို့ အောက်လွှတ်တော် ဉက္ကဋ္ဌ ပြော

ထရမ့်ရဲ့နောက်ဆုံးရက်တွေမှာ ရာထူးကနေ ဖယ်ရှားဖို့ လုပ်ဆောင်မယ်လို့ အောက်လွှတ်တော် ဉက္ကဋ္ဌ ပြော
Photo - AFP

ဇန်နဝါရီ ၁၁ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ အမျိုးသမီးဖြစ်သူ နန်စီပီလိုစီက သူ့အနေနဲ့ ထရမ့်အစိုးရရဲ့ နောက်ဆုံးနေ့ရက်တွေအတွင်းမှာပဲ သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးကနေ ဖယ်ရှားပစ်ဖို့ ရှေ့တိုးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

လွှတ်တော်ရေးရာ Capitol အဆောက်အအုံကို ထရမ့်ရဲ့ ထောက်ခံသူတွေက အကြမ်းဖက်တိုက်ခိုက်ပြီးနောက်မှာ နန်စီပီလိုစီအနေနဲ့ ခုလို ပြောလာခဲ့တာ ဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံ ပြင်ဆင်ချက် ၂၅ အရ ရာထူးတာဝန်နဲ့ မထိုက်တန်တဲ့အတွက် ကက်ဘိနက်အစိုးရအနေနဲ့ ထရမ့်ကို ဖယ်ရှားဖို့ တောင်းဆိုထားတဲ့ အောက်လွှတ်တော် ဆုံးဖြတ်ချက်တစ်ရပ်ကို တနင်္လာနေ့မှာ အဆိုတင်မှာ ဖြစ်တယ်လို့ ကွန်ဂရက်မှာ ထိပ်တန်းဒီမိုကရက်ဖြစ်တဲ့ ပီလိုစီက ဆိုပါတယ်။ 

တကယ်လို့ ဒုတိယသမ္မတ မိုက်ပန့်က ခုလို လုပ်ဆောင်တာကို သဘောမတူဘူးဆိုရင် “ကျွန်မတို့တွေဟာ အောက်လွှတ်တော်မှာ ထရမ့်ကို အပြစ်ရှိကြောင်း စွပ်စွဲမဲပေးမှာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

“ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံနဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် ကျွန်မတို့တွေ အားချင်း အရေးယူဆောင်ရွက်တာတွေ လုပ်ရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီကို သမ္မတက ခြိမ်းခြောက်လာနေလို့ပဲ”ဆိုပြီး ပီလိုစီက ပြောကြားပါတယ်။ 

“နေ့ရက်တွေနဲ့အမျှ သမ္မတ ဖြစ်သူ ကျုးလွန်တဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီအပေါ် စော်ကားမှုဟာ ဖြစ်ပွားနေဆဲ တိုက်ခိုက်မှုရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အခြေအနေက ပြင်းထန်လာနေတယ်။ ဒါကြောင့် အရေးယူ ဆောင်ရွက်မှု လုပ်ကို လုပ်ရမယ်။”လို့ ၎င်းက ဆိုပါတယ်။ 

ထရမ့်ဟာ ဂျိုးဘိုင်ဒင်ကို နိုင်ငံရေး အိုးမည်သုတ်ဖို့အတွက် ယူကရိန်းခေါင်းဆောင်ကို ဖိအားပေးတာနဲ့ ပတ်သက်ပြီး ၂၀၁၉ ဒီဇင်ဘာအတွင်းမှာ ဒီမိုကရက်တွေ ထိန်းချုပ်တဲ့ အောက်လွှတ်တော်မှာ ပြစ်တင်စွဲဆိုခံထားရပါသေးတယ်။ 

ဒါပမယ့် ရီပတ်ဘလီကန်တွေ အများစုဖြစ်တဲ့ ဆီးနိတ်မှာ အဲဒီ ပြစ်တင်စွဲဆိုမှုကနေ တရားသေလွတ်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly