မြန်မာမှပြန်လာသည့် ထိုင်းများအနက် ၁၇ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ 

မြန်မာမှပြန်လာသည့် ထိုင်းများအနက် ၁၇ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ 

ဇန်နဝါရီ ၁၀၊ ၂၀၂၁ 

မြန်မာနိုင်ငံဘက်မှ တာ့ခ်ခရိုင်သို့ ပြန်လာသည့် ထိုင်းနိုင်ငံသား ၄၀ ဦးအနက် ၁၇ ဦးတွင် ကိုဗစ်ရောဂါ ကူးစက်နေကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် အလုပ်လုပ်သည့် ထိုင်းနိုင်ငံသား ၄၀ ဦးသည် တရားဝင် ပြန်လာခြင်းဖြစ်ပြီး ၎င်းတို့ကို ကွာရန်တင်းစင်တာသို့ ပို့ဆောင် စစ်ဆေးရာ ၁၇ ဦးတွင် ကိုဗစ်ရောဂါကူးနေကြောင်း တွေ့ရခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင်ရှိ မဲဆောက်ဆေးရုံမှ ဆရာဝန်တစ်ဦး ဖွင့်ထားသော မဲဆောက်ဒေါက်တာ Facebook စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ်သည်။ 

အဆိုပါ ထိုင်းနိုင်ငံသားများ ပြန်လာသည့် ဒေသဝန်းကျင်တွင် နေထိုင်သော ထိုင်းများ ထိုင်းနိုင်ငံဘက်သို့ ပြန်လာကာ အမြန်ဆုံး စစ်ဆေး ကုသမှု ခံယူရန်လည်း မဲဆောက်ဒေါက်တာ ပို့စ်က အကြံပြုထားသည်။ ထိုသို့မဟုတ်လျှင် ကူးစက်မှုကြာပါက ကုသရန် ခက်ခဲခြင်း၊ အခြားသူများသို့ ဆက်လက် ကူးစက်ခြင်းများ ဖြစ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။ 

တာ့ခ်ခရိုင်၏ မူဝါဒအရ မြန်မာနိုင်ငံဘက်ရောက် ထိုင်းနိုင်ငံသားများ ပြန်လာခွင့်ပြုထားပြီး ပြန်ရောက်လျှင် ရပ်ရွာအကြီးအကဲများကို သတင်းပို့ရမည်ဟု တာ့ခ် ရောဂါ ထိန်းချုပ်ရေး ကော်မတီက ပြောသည်။ 

နယ်စပ်ဖြတ်ကျော် ပြန်လာသော ထိုင်းနိုင်ငံသား ၄၀ ဦးကို တာဝန်ရှိသူများက သွားရောက် ခေါ်ယူပြီး ကွာရန်တင်းစင်တာသို့ ပို့ခဲ့ခြင်း ဖြစ်သည်။  

၎င်းတို့သည် မဲဆောက် တစ်ဖက်ခြမ်းရှိ မြဝတီမြို့တွင် နယ်ခြားစောင့်တပ်က ဖွင့်ထားသည့် အွန်လိုင်း လောင်းကစားရုံတွင် အလုပ်လုပ်သူများ ဖြစ်ကြောင်းလည်း သိရှိရသည်။ 

ကိုဗစ်ကူးစက်ခံထားရသည့် ထိုင်းနိုင်ငံသားများ ကျန်းမာရေး အခြေအနေ ဆိုးရွားလာပါက လိုအပ်သည်များကို ဆွေးနွေးမည်ဟု ထိုင်းအာဏာပိုင်များက တာ့ခ် ရောဂါ ထိန်းချုပ်ရေး ကော်မတီကို ပြောထားကြောင်းလည်း သိရသည်။ 

ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်သူ ၉,၈၄၀ ကျော်၊ ပြန်လည်သက်သာလာသူ ၅,၂၅၅ ဦးနှင့် သေဆုံးသူ ၆၇ ဦး ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly