အိန္ဒိယမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေးများ ဖေဖော်ဝါရီလတွင် ရရှိနိုင်ရေး ဆောင်ရွက်နေ

အိန္ဒိယမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေးများ ဖေဖော်ဝါရီလတွင် ရရှိနိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၉

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေးများ အမြန်ဆုံးတင်သွင်းနိုင်ရေး နှစ်နိုင်ငံညှိနှိုင်း နေပြီး ဖေဖော်ဝါရီလအတွင်း ရရှိနိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အစိုးရက ပြည်သူ ၁၅ သန်းစာအတွက် တစ်ဦးလျှင် နှစ်ကြိမ်နှုန်းထိုးနှံပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ကျသင့်မည့် ကာကွယ်ဆေးအရေအတွက် သန်း ၃ဝ ကို အိန္ဒိယနိုင်ငံမှ မှာယူထားပြီး ကာကွယ်ဆေး ၁ဝ သန်းမှာ ပထမဆုံးအသုတ်အဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျွန်တော်တို့ ကုန်အမှာစာပို့လိုက်ပြီ။ ကျွန်တော်တို့က နှစ်ကြိမ်ခွဲပြီး ပေးရမယ်။ အမြန်ဆုံးတော့ လုပ်နေတယ်။ လုပ်နေတဲ့အပိုင်းမှာ ပိုက်ဆံတဝက်ပေါ့နော် ၇၅ သန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ နောက်ဆုံးထားလွှဲပြီးသွားရင် ဟိုဘက်က ဆေးပစ္စည်းတွေ ကျွန်တော်တို့ တင်ပို့ဖို့ လုပ်ရမယ်။ အဲ့ဒါကိုလည်း မြန်အောင် ကျွန်တော်တို့ ညှိနှိုင်းနေတယ်။ ဖေဖော်ဝါရီလထဲ ရနိုင်အောင် (Target) ရည်မှန်းထားပြီး လုပ်နေတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလမှာ ရမယ်လို့ ပြောတာမဟုတ်ဘူး။ မျှော်မှန်းတာကတော့ ဖေဖော်ဝါရီရမလားဆိုပြီး မျှော်မှန်းထားပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

မြန်မာနိုင်ငံ၏ ရာသီဥတု၊ သိုလှောင်ထိန်းသိမ်းနိုင်မှုအခြေအနေနှင့် ကိုက်ညီသောကြောင့် အောက်စဖို့ဒ်တက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ၊ Serum Institute တို့ ပူးပေါင်းကာ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့် Covishield ကာကွယ်ဆေးကို ဝယ်ယူရခြင်းဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

“အဲ့ဒီဆေးကို ဘာကြောင့်ဝယ်ရလဲဆိုတော့ တစ်ချို့ကာကွယ်ဆေးတွေက အနုတ် ၇ဝ ဒီဂရီနဲ့ ထားရတယ်။ သိုလှောင်ရတာက။ ဒီကာကွယ်ဆေးကကျတော့ 2 to 8 degrees Celsius နဲ့ သိုလှောင်ထားနိုင်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ သိုလှောင်ထိန်းသိမ်းနိုင်တဲ့ အခြေအနေနဲ့ ကိုက်ညီတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ မှာယူထားတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်းဦးရေ ၁၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆို၍ ကာကွယ်ဆေးဝယ်ယူနိုင်ရေးကိုလည်း ညှိနှိုင်းနေပြီး WHO နှင့် အဖွဲ့အစည်းအချို့က ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အခြားနိုင်ငံများနည်းတူ ကာကွယ်ဆေးရရှိစေရေး စီမံထားသည့် COVAX Facility အစီအစဉ်တွင်လည်း ပါဝင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required