အမေရိကန်လွှတ်တော် သမိုင်းဝင် တိုက်ခိုက်ခံရမှု ဖြစ်စဉ်  ၄ ရပ်   

အမေရိကန်လွှတ်တော် သမိုင်းဝင် တိုက်ခိုက်ခံရမှု ဖြစ်စဉ်  ၄ ရပ်   

ဇန်နဝါရီလ ၈ ၊ ၂၀၂၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုထောက်ခံသူ ရာပေါင်းများစွာသည် ကွန်ဂရက် ပူးတွဲအစည်းအဝေးကျင်းပနေစဉ်အတွင်း ထရမ့်ရှုံးနိမ့်မှုကို ပြောင်းပြန်လှန်လိုသည့် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဇန်နဝါရီ ၆ ရက်က လွှတ်တော်အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည်။  

အဆိုပါမြင်ကွင်းများကြောင့် လူအများကို အံ့ဩမှင်သက်စေခဲ့ကာ ပါတီနှစ်ရပ်စလုံးကို ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်စေခဲ့ပြီး အမေရိကန် လွှတ်တော်အဆောက်အအုံ၌ ဖြစ်ပွားခဲ့သော တခြားသော ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုဖြစ်ရပ် အနည်းငယ်ကို ပြန်ပြောင်းမြင်ယောင်မိစေသည်။ အကျော်ကြားဆုံး ဖြစ်ဖွယ်ရှိသည့်ဖြစ်ရပ်မှာ လွှတ်တော်အဆောက်အုံဖွင့်လှစ်ပြီး ၁၄ နှစ်အကြာ ၁၈၁၄ ခုနှစ်၌ ဗြိတိသျှတပ်ဖွဲ့များက လွှတ်တော်အား မီးရှို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ကျူးကျော်သူများက အရင်ဦးဆုံး လွှတ်တော်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကြပြီးနောက် ကွန်ဂရက်စာကြည့်တိုက်ကို မီးရှို့ဖျက်ဆီးကာ အဆောက်အအုံတောင်ဘက်နှင့်မြောက်ပိုင်းတို့ကိုလည်း မီးရှို့ခဲ့ကြသည်။  

အောက်ပါတို့သည် လွန်ခဲ့သော ရာစုနှစ်က လူသိနည်းသော တခြားဖြစ်ရပ်အချို့ဖြစ်သည်။  

ဒိုင်းနမိုက် ၃ ချောင်း - ဇူလိုင်၂ ၊ ၁၉၁၅  

၁၉၁၅ ဇူလိုင် ၂ ရက်က တိုက်ခိုက်မှုသံသယရှိသူသည် ဒိုင်းနမိုက် သုံးချောင်းကို လက်ဆွဲအိတ်အတွင်း၌ ဝှက်သယ်လာကာ လွှတ်တော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ အထက်လွှတ်တော်ခန်းမ သော့ပိတ်ထားသည်ကို တွေ့ရှိပြီးနောက် ဧည့်ကြိုခန်းမ ဧရိယာ၌ ၎င်းအိတ်အားချထားခဲ့သည်။ နာရီပိုင်းအကြာ၌ ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အအုံပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။  

တိုက်ခိုက်မှု သံသယရှိသူကို Cornell University တက္ကသိုလ်မှ Frank Holt ဟု အမေရိကန်သတင်းစာ ခေါင်းစည်းများ၌ ရေးသားခဲ့ကြစဉ် New York Times က Frank Holt ကို အပေါင်းအသင်းများအကြား ဂုဏ်သိက္ခာရှိသော ခပ်အေးအေးလူတစ်ယောက်အဖြစ်  ဖော်ပြခဲ့ကြသည်။ 

တိုက်ခိုက်သူက moniker R. Pearce အမည်ဖြင့် ဝါရှင်တန်သတင်းစာသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ပထမကမ္ဘာစစ်ဖြစ်ပွားစဉ် ဂျာမနီ၏ ရန်သူများကို အမေရိကန်က လက်နက်ခဲယမ်းများရောင်းချခြင်းကို ကန့်ကွက်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ရေးသားခဲ့သည်။  

ဝါရှင်တန်ဒီစီတိုက်ခိုက်မှုအပြီး သံသယရှိသူသည် စစ်ပွဲမှအကျိုးအမြတ်ခံစားနေသူဟု ၎င်းမှတ်ယူထားသည့် ဘဏ်လုပ်ငန်းရှင် J.P. Morgan Jr. ကို သွားရောက်လုပ်ကြံခဲ့သည်။ Morgan ၏ ဘဏ္ဍာထိန်းက သံသယရှိသူကို သတိမေ့အောင် ရိုက်ပြီး တားဆီးနိုင်ခဲ့သည့်အတွက် Morgan မှာ သေနတ်ဒဏ်ရာ နှစ်ချက်သာ ရခဲ့သည်။  

အဆိုပါတိုက်ခိုက်မှုသံသယရှိသူမှာ Holt လည်းမဟုတ် Pearce လည်းမဟုတ်ဘဲ ၁၉၀၆ ခုနှစ်က ဇနီးဖြစ်သူကို အဆိပ်ခတ်သတ်ဖြတ်မှုဖြင့် သံသယရှိသူ ဂျာမနီလူမျိုး ဟားဗက်ပါမောက္ခ Erich Muenter ဖြစ်သည်။ Muenter သည် မက္ကဆီသို့ထွက်ပြေးသွားခဲ့ပြီး အမည်ပြောင်းကာ ပြန်ရောက်လာခြင်းဖြစ်သည်။  

၂၀၁၄ ခုနှစ်က Howard Blum ထုတ်ဝေခဲ့သည့် ဂျာမနီ၏ လျှို့ဝှက်စစ်ပွဲနှင့် အမေရိကန်၌ ပထမဆုံးအကြမ်းဖက်အဖွဲ့ကို ရှာဖွေခြင်း - Dark Invasion: 2015 တွင် အသေးစိတ်ဖြစ်ရပ်များကို ရေးသားထားသည်။  

Muenter သည် ၁၉၁၅ ခုနှစ် ဇူလိုင် ၆ ရက်တွင် အကျဉ်းထောင်၌ အမြင့်မှပြုတ်ကျကာသေဆုံးခဲ့ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။  

ပေါ်တိုရီကို အမျိုးသားရေးဝါဒီများ၏ လွှတ်တော်တိုက်ခိုက်မှု - မတ် ၁ ၊ ၁၉၅၄ ခုနှစ် 

ပေါ်တိုရီကိုအတွက် လွတ်လပ်မှုတွန်းအားများနှင့် အမေရိကန်ကိုလိုနီစနစ်အပေါ်အမျက်ဒေါသများက ၎င်းကျွန်းနှင့် နယူးယောက်မြို့တို့တွင် တိုက်ခိုက်မှုများကို လှုံ့ဆော်စေခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် လူလေးယောက်သေစေခဲ့သော Fraunces Tavern ပြတိုက် ဗုံးခွဲမှုအထိ ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်က သမ္မတ Harry Truman ကို ပစ်မှတ်ထားသော လုပ်ကြံသတ်ဖြတ်မည့်ကြံစည်မှုပင် ရှိခဲ့သည်။ 

၁၉၅၂ ခုနှစ်က ပေါ်တိုရီကိုအများစုသည် ဓနသဟာယလူတန်းစားကို မဲပေးခဲ့ကြသော်လည်း တချို့သော အမျိုးသားရေးဝါဒီများကို အယောင်ဆောင်ဟုဆိုကာ ဖယ်ရှားခံခဲ့ရသည်။  

အမျိုးသားရေးဝါဒီများဖြစ်သည့် Lolita Lebrón၊ Irvin Flores Rodríguez ၊ Rafael Cancel Miranda နှင့် Andres Figueroa Cordero တို့သည်  ၁၉၅၄ ခုနှစ် မတ်လ ၁ ရက်က မက္ကဆီကိုရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာဥပဒေကြမ်းဆွေးနွေးနေသော အောက်လွှတ်တော်၌ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။  

သေနတ်ဖြင့် တိုက်ခိုက်ပစ်ခတ်မှုကြောင့် ရီပတ်ဘလစ်ကန်အမတ် Alvin Bentley နှင့် Ben Jensen ၊ ဒီမိုကရက်တစ်အမတ်များဖြစ်သည့် Clifford Davis၊ George Hyde Fallon နှင့် Kenneth Roberts စသည့် ကွန်ဂရက်အမတ် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ Bentley မှာ အပြင်းထန်ဆုံးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ သီတင်းပတ်ပေါင်းများစွာကြာမှ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ခဲ့သည်။  

ရုံးတင်စစ်ဆေးမှုအရ လူသတ်ရန်ကြိုးပမ်းအားထုတ်မှုနှင့် တခြားစွဲချက်များအတွက် လုပ်ကြံသူ အမျိုးသမီး Lebrón သည် ထောင်ဒဏ် အနှစ် ၅၀ ကျခဲ့ပြီး ကျန်အမျိုးသားများမှာ ၇၅ နှစ်စီ ကျခဲ့သည်။  

၁၉၇၀ ပြည့်နှစ်နောက်ပိုင်း သမ္မတ Jimmy Carter လက်ထက်တွင် ၎င်းတို့ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခဲ့သည်။ အစိုးရ၏ပြောကြားချက်အရ ထိုသို့ပြစ်ဒဏ်လျှော့ပေါ့ခြင်းသည် နိုင်ငံတကာအသိုက်အဝန်းအား လူသားချင်းစာနာမှုအပြုအမူကို ပြသခြင်းဖြစ်ပြီး ကျူးဘား၌ထိန်းသိမ်းထားသော အမေရိကန်လေးဦးလွတ်မြောက်ရေးအတွက် လမ်းကြောင်းပေးရန် ရည်ရွယ်သည်ဟု ဆိုသည်။  

လွှတ်တော်တိုက်ခိုက်သူ လေးဦးအနက် နောက်ဆုံးကျန်ရစ်သော Cancel Miranda မှာ ၂၀၂၀ ခုနှစ် မတ်လ၌ သေဆုံးခဲ့သည်။ Cancel Miranda သည် ထောင်မှလွတ်မြောက်ပြီးနောက် ပေါ်တိုရီကို လွတ်မြောက်ရေးအတွက် ဆက်လက်လှုံ့ဆော်ခဲ့ပြီး ချီတက်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ်၌  Cancel Miranda က နှစ်ပေါင်း ၆၂ ကြာပြီးသည့်နောက်၌လည်း သူ့လုပ်ရပ်များအတွက် စိတ်မကောင်း မဖြစ်မိကြောင်း New York Times သတင်းထောက်ကို ပြောခဲ့သည်။ ၎င်းတို့တိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့သည့်  ကျည်သင့်သည့်နေရာများကို လွှတ်တော်၌ ယနေ့ထိတိုင် တွေ့မြင်ရဆဲဖြစ်သည်။  

အမေရိကန်စစ်တပ် လာအိုအထိကျူးကျော်မှုအား ဆန့်ကျင်သည့် ဗုံးခွဲမှု - မတ် ၁၊ ၁၉၇၁ ခုနှစ် 

 ဗီယက်နမ်စစ်ပွဲ၌ အမေရိကန်၏ ပါဝင်ပတ်သက်မှုသည်  စစ်ပွဲကို ထောက်ခံပေးနေသော အဖွဲ့အစည်းများ၊ ဘဏ်များ၊ ပညာရေးအဖွဲ့အစည်းများ နှင့် အမေရိကန်စစ်မှုထမ်းအဖွဲ့များ၏ တည်နေရာများအပါအဝင် နေရာအများအပြားတွင် ဗုံးပေါက်ကွဲမှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။  

လက်ဝဲစွန်းစစ်သွေးကြွ Weather Underground အဖွဲ့က ၁၉၇၁ ခုနှစ် မတ်လ ၁ ရက်က အမေရိကန်အထက်လွှတ်တော်ခန်းမအောက်ဘက်ရှိ အမျိုးသားသန့်စင်ခန်း၌ ဗုံးချထားသူမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

အရှေ့တောင်အာရှ အထူးသဖြင့် လာအို၌ အမေရိကန်စစ်တပ် တိုးချဲ့ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဗုံးခွဲခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က ပြောခဲ့သည်။ ပေါက်ကွဲမှုမတိုင်ခင် မိနစ် ၃၀ အလို၌ ဗုံးခြိမ်းခြောက်မှုအကြောင်းကို ဖုန်းဆက်သတိပေးခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူမရှိသော်လည်း အမေရိကန်ဒေါ်လာ ၃၀၀ ၀၀၀ ဖိုးခန့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။  

ထိုနှစ် မေလအစောပိုင်း၌ ဝါရှင်တန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုပြုလုပ်ရန် စီစဉ်ထားမှုသည်လည်း ဗုံးပေါက်ကွဲမှုကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ပြီး သမ္မတ Richard Nixon အစိုးရ၏ တုံ့ပြန်မှုကို အရှိန်မြှင့်စေခဲ့သည်။ အိမ်ဖြူတော်စစ်ပွဲ၊ လမ်းများအတွင်း အုံကြွမှုနှင့် အမေရိကန်၏ အကြီးမားဆုံးသော လူအစုလိုက်ဖမ်းဆီးမှု၏ မဖွင့်ဟခဲ့သည့် သမိုင်း စသည့်အကြောင်းအရာများပါဝင်သော Lawrence Roberts မကြာသေးမီက ထုတ်ဝေခဲ့သည့်  Mayday 1971 တွင် အကြောင်းအရာအသေးစိတ်များကို ရေးသားထားသည်။ 

၁၉၇၁ ခုနှစ် မေလ ၁ ရက်၌ လူစုလူဝေးဖြင့် အကြမ်းဖက်ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတ Nixon အစိုးရ၏ ဖိအားပေးမှုဖြင့် ဝါရှင်တန်ဒီစီရဲများသည် လူပေါင်း ၁၂ ၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်သမိုင်းတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုဖြစ်သည်။  

အရပ်သားလွတ်မြောက်ရေးအဖွဲ့များအနေဖြင့် အံ့အားသင့်ခဲ့ရသော်လည်း  ထိုအမှုကိုကိုင်ဆောင်ထားသော တရားသူကြီးအချို့ပင် စိတ်ပျက်ခဲ့ရကာ နောက်ဆုံး၌ လူဒါဇင်အနည်းငယ်ကိုသာ ပြစ်မှုအမျိုးမျိုးဖြင့် စီရင်ချက် ချမှတ်ခဲ့သည်။ မှားယွင်းထိန်းသိမ်းခံရသူများသည် နောက်နှစ်ပေါင်းများစွာအကြာ၌ အရပ်သားအားတရားစွဲဆိုခြင်းဖြေရှင်းမှုအရ လျော်ကြေးရခွင့်များ ရှိလာခဲ့သည်။  

Weather Underground စစ်သွေးကြွအဖွဲ့ဝင်များစွာကို တိုက်ခိုက်မှုနှင့် အကြမ်းဖက်လှုပ်ရှားမှုများအတွက် ထောင်ဒဏ်ချမှတ်ရမည်ဖြစ်သော်လည်း ၁၉၇၁ ခုနှစ် ဗုံးခွဲမှုနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မျှ အဖမ်းမခံခဲ့ရပေ။  

ထိုဖြစ်ရပ်များကြောင့် အမေရိကန်လွှတ်တော်၌ လုံခြုံရေးဗီဒီယိုကင်မရာများ တပ်ဆင်ခြင်း ၊ X-ray စက်များနှင့် လုံခြုံရေးဝန်ထမ်းများက အိတ်များကို ပုံမှန်စစ်ဆေးခြင်းများ ဖြစ်လာစေခဲ့သည်။  

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့၏ ဗုံးခွဲမှု - နိုဝင်ဘာ ၇ ၊ ၁၉၈၃ ခုနှစ်  

၁၉၇၁ ခုနှစ် ဗုံးပေါက်ကွဲမှုကဲ့သို့ပင် ၁၉၈၃ ခုနှစ် နိုဝင်ဘာ ၇ ရက်၌  အမေရိကန်အထက်လွှတ်တော်အပြင်ဘက်၌ ဗုံးထောင်မှု ဖြစ်ပွားခဲ့သည်။ အသေအပျောက်မရှိခဲ့သော်လည်း နံရံပွင့်ထွက်ပြီး ပန်းချီကားငါးချပ် ပျက်စီးခဲ့ကာ အထက်လွှတ်တော်အမတ်ခေါင်းဆောင် Robert Byrd ၏ ရုံးခန်းအပြင်ဘက်ရှိ တံခါးပတ္တာများ ပြုတ်ထွက်သွားခဲ့သည်။ ဒေါ်လာ ၂၅၀ ၀၀၀ တန်ဖိုးခန့် ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။  

ပေါက်ကွဲမှုမတိုင်ခင်မီတွင်  လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (Armed Resistance Unit) က လက်ဘနွန်နှင့်ဂရီဒါနာနိုင်ငံတို့တွင် အမေရိကန်စစ်တပ်ပါဝင်ပတ်သက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဗုံးခွဲခြင်းဖြစ်ကြောင်း ဖုန်းဖြင့် သတိပေးခဲ့သည်။  

အများစုက မာတ်စ်ဝါဒီ သို့မဟုတ် ကွန်မြူနစ်ဟု ခံယူထားသည့် အဆိုပါအဖွဲ့နှင့် ဆက်နွယ်သော လူ ခုနစ်ဦးကို ဝါရှင်တန်ဒီစီ လွှတ်တော်ဗုံးဖော်ခွဲမှု၊ Brinks လုံခြုံရေးတပ်ဖွဲ့ကားကို တိုက်ခိုက်မှုနှင့် စစ်စခန်းများကို ဗုံးခွဲခြင်း စသည့်ပစ်မှုများအတွက် ၁၉၈၅ ခုနှစ်မှ စ၍ ဖမ်းဆီးခဲ့သည်။  

၁၉၉၀ ခုနှစ်က Laura Whitehorn၊ Linda Evans နှင့် Marilyn Buck တို့သည် ပူးပေါင်းကြံစည်မှုနှင့် အစိုးရပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းစသည့် စွဲချက်များကို အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခြင်းဖြင့်  ခုံရုံးတင်စစ်ဆေးမှုကို ရှောင်ရှားနိုင်ခဲ့သည်။  

AP သတင်းဌာန၏အဆိုအရ တရားသူကြီးက အမှုကြားနာပြီး ခေတ္တရပ်နားပြီးနောက် တရားပြိုင်ဘက်မှ ထောက်ခံသူ ၅၀ ခန့်ပေါ်ထွက်လာခဲ့ပြီး လက်ခုပ်ဩဘာပေးခဲ့ကြောင်းနှင့် တရားခံအမျိုးသမီးသုံးဦးကလည်း ၎င်းတို့ထောက်ခံသူများကို လက်သီးလက်မောင်းတန်းကာ ပြန်လည်အလေးပြုခဲ့သည်ဟု ဆိုသည်။  

Whitehorn သည် ကောင်းစွာနေထိုင်ပါမည်ဟူသော ကတိဖြင့် ၁၉၉၉ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။ ၂၀၀၁ ခုနှစ်က သမ္မတဘီလ်ကလင်တန်သည် ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံထားရသည့်  Linda Evans ကို ပြစ်ဒဏ်လျှော့ပေးခဲ့သည်။ Marilyn Buck ကိုလည်း ကင်ဆာရောဂါဖြင့် မသေဆုံးမီ ၂၀၁၀ ခုနှစ်က သက်ညှာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။  

ဗုံးခွဲတိုက်ခိုက်ခံရမှုများကြောင့် ယခင်က အများပြည်သူသွားလာနိုင်သော လွှတ်တော်ဧရိယာများကို ပိတ်ပစ်ခဲ့ပြီး သတ္တုရှာဖွေရေးစက်များနှင့် ဝန်ထမ်းမှတ်ပုံတင်ကတ်များကို ကိုင်ဆောင်စေခဲ့သည်။  

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မှုသည် အမေရိကန်လွှတ်တော်ကို နောက်ဆုံးတိုက်ခိုက်မှုဖြစ်စေခဲ့သော်လည်း ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ပင်ဆယ်ဗေးနီးယားတွင်ပျက်ကျပြီး လေယာဉ်ပေါ်ပါလူအားလုံးသေစေခဲ့သည့် အယ်လ်ခိုင်ဒါအဖွဲ့ဝင် Ziad Jarrah  ပြန်ပေးဆွဲခဲ့သည့်လေယာဉ်သည် အမေရိကန်လွှတ်တော်ကို ပစ်မှတ်ထားခဲ့နိုင်ကြောင်း 9/11 ကော်မရှင်အစီရင်ခံစာ၌ အသေးစိတ်ဖော်ပြထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required