ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ကျော် အစိုးရထည့်ဝင်

 ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ကျော် အစိုးရထည့်ဝင်
Photo - AFP

ရန်ကုန်၊ ဇန်နဝါရီ ၆

မြန်မာနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ကျော်ကို အစိုးရက ထည့်ဝင်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ညတွင် ထုတ်ပြန်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီမှ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေဘဏ်စာရင်းကို  နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေစာရင်းတွင် အမေရိကန်ဒေါ်လာသန်း ၂၅ဝ၊ မြန်မာငွေစာရင်းတွင် ကျပ်သန်း ၁ဝဝဝ ကို နိုင်ငံတော်အစိုးရက မတည်ငွေအဖြစ် စတင်ထည့်သွင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 ပြည်တွင်းပြည်ပမှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် အဆိုပါငွေစာရင်းများသို့ မည့်သည့်ငွေ အမျိုးအစားမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

အလှူငွေကောက်ခံမှုကို အစိုးရက ထုတ်ပြန်ပြီးနောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဧဒင်စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော သူ၏ မွေးနေ့အလှူအဖြစ် အမေရိကန်ဒေါ်လာ ၁.၅ သန်းကို ထည့်ဝင်လှူဒါန်းခဲ့သည်။

ကိုဗစ်ကာကွယ်ဆေးအတွက် အလှူငွေများကို ဇန်နဝါရီလ ၆ ရက်နေ့မနက်မှစတင်လက်ခံလျှက်ရှိပြီး ရရှိသည့်အလှူငွေများနှင့် အချက်အလက်များကို ဝန်ကြီးဌာန၏ ဝက်ဆိုဒ်မှဖြစ်စေ၊ နိုင်ငံပိုင်သတင်းစာမှဖြစ်စေ ကြေညာပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက ပြောသည်။

 “အကောင့်က ဖွင့်ထားပြီးသားပေမယ့် လှူတာကတော့ ဒီနေ့စတာပေါ့။ ဒါကတော့ ရန်ပုံငွေတည်ထောင်ထားပြီးပြီဖြစ်တဲ့အတွက် ဒီရရှိတဲ့ ငွေတွေနဲ့ ကာကွယ်ဆေးဝယ်ယူရေးပေါ့နော်။ ကာကွယ်ဆေးကတော့ အားလုံးသိတဲ့အတိုင်း အဆင့်ဆင့်သွားရမှာပါ။ အမျိုးသားကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ လမ်းညွှန်မှုနဲ့ ကျွန်မတို့ ဆက်လုပ်သွားမှာပါ။” ဟု ၎င်းက ပြောသည်။

လှူဒါန်းငွေလက်ခံရရှိမှု အခြေအနေကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်ပြီး သုံးစွဲမှု အခြေအနေကိုလည်း အင်တာနက်ဝက်ဆိုဒ်မှဖြစ်စေ၊ သတင်းစာမှဖြစ်စေ ထုတ်ပြန်ကြေငြာ ပေးမည်ဖြစ်ကြောင်း ဒေါ်စီစီပြုံးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးရောင်းချမည့် နိုင်ငံအချို့နှင့် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းကာ ဝယ်ယူရန် လုပ်ဆောင်နေကြောင်းသိရသည်။

ထို့အတူ ဝင်ငွေနည်းနှင့် ဝင်ငွေ အလယ်အလတ် ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၉၂ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အခြား ချမ်းသာသည့် နိုင်ငံများနည်းတူ မျှတစွာ ရရှိစေရန် စီမံထားသည့် COVAX Facility အစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly