တပ်မတော်က အာဏာသိမ်းတယ်ဆိုပြီး သတင်းအမှားဖြန့်လို့ တရားစွဲဆိုခံထားရတဲ့ အမျိုးသမီး ထွက်ပြေးနေဆဲ

By အုပ်မှူးဇော် / ဆုမြတ်မေဇော်
05 January 2021
တပ်မတော်က အာဏာသိမ်းတယ်ဆိုပြီး သတင်းအမှားဖြန့်လို့ တရားစွဲဆိုခံထားရတဲ့ အမျိုးသမီး ထွက်ပြေးနေဆဲ

ဇန်နဝါရီ ၅

တပ်မတော်က အာဏာသိမ်းတယ်ဆိုပြီး သတင်းအမှားဖြန့်တာကြောင့် တရားစွဲဆိုခံထားရသည့် ဒလမြို့နယ်မှ အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်တင်တင်စိုးမှာ ထွက်ပြေးနေတယ်လို့ ဒလမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။

ဒေါ်တင်တင်စိုးအနေနဲ့ တရားစွဲဆိုခံရပြီးနောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်နေကြောင်း သတင်းတွေထွက်ပေါ်ခဲ့သည်။

"အခုရဲတွေရဲ့အဆိုအရတော့ သူထွက်ပြေးနေတယ်လို့ ပြောတယ်။ မူလအမှုဖွင့်တုန်းက ဖမ်းလို့ရပါလျက်နဲ့ မဖမ်းဘဲနဲ့ ကျန်းမာရေးမကောင်းလို့ ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့ လုပ်တဲ့အခါကျတော့ သံသယတော့နည်းနည်းဖြစ်စရာရှိတာပေါ့နော်။ "ဟု ဦးထွန်းရင်ကပြောသည်။

ဒေါ်တင်တင်စိုးဟာ ဇန်နဝါရီ ၁ရက်နေ့တွင် သူ၏ ဖေ့စ်ဘုတ်အကောင့်ဖြစ်သည့် စူဠသုဘဒ္ဒါအမည်ရှိ အကောင့်မှတစ်ဆင့် "တပ်မတော်သာအမိ တပ်မတော်သာအဖမို့ အာဏာသိမ်းလိုက်ခြင်း၊ အာဏာသိမ်းတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ အတိုင်း တပ်မတော်မှ အာဏာသိမ်းခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သည့် ပြည်သူလူထုတစ်ရပ်လုံးကို စော်ကားခြင်း၊ မဲလိမ်မဲခိုးသည့်အစိုးရ"ဟု တိုက်ရိုက် Liveလွှင့်ကာ ပြောဆိုခဲ့သည်။

သူLiveလွှင့်ခဲ့သည့် Video မှာ ၂၁မိနစ်ထိ ကြာမြင့်ခဲ့သည်။

ဒေါ် တင်တင်စိုးအနေနဲ့ တရားစွဲဆိုခံရသော်လည်း ဇန်နဝါရီ ၄ရက်နေ့ထိ သူ့အကောင့်ကို အသုံးပြုခြင်းရှိခဲ့ကြောင်း သိရသည်။ ထိုအကောင့်မှတစ်ဆင့်သတင်းအမှားများကို ကိုယ်တိုင်ရေးသားဖြန့်ဝေနေသည့်အပြင် ပြန်လည်မျှဝေတာမျိုးလည်းပြုလုပ်ထားသည်။

လက်ရှိအချိန်တွင် ဒေါ်တင်တင်းစိုးကိုတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) နဲ့ ဒလမြို့နေရပ်မိရပ်ဖတစ်ဦးမှ ဒလမြို့မရဲစခန်းတွင် တရားစွဲဆိုထားကြောင်းသိရသည်။

တပ်မတော်အပေါ် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခြင်းဖြစ်သလို လက်ရှိအုပ်ချုပ်နေတဲ့အစိုးရကိုလည်း မထီမဲ့မြင်ပြုရာကျကြောင်း ဒလမြို့နယ် အမှတ် ၁တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကပြောသည်။

"နိုင်ငံတော်ကအာဏာသိမ်းလိုက်ပြီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုပြီးတော့ ဒီလိုဟာတွေပါ ကိုးကားပြီးတင်လိုက်တဲ့အခါကျတော့ အထိတ်တလန့်ဖြစ်စေတယ်ပေါ့နော်။ အဲ့တော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကလည်း ဖရိုဖရဲဖြစ်သွားနိုင်တယ်။ အင်မတန် အန္တရာယ်ကြီးတဲ့ အသုံးအနှုန်းတွေဖြစ်တယ်"ဟု ဦးထွန်းရင်ကပြောသည်။

ယခုလို တပ်မတော်ကအာဏာသိမ်းလိုက်ပြီဆိုသည့် သတင်းအမှားများသည် ဒီဇင်ဘာလ မကုန်ခင်ကတည်းက တပ်မတော်ကိုထောက်ခံတဲ့ ဂရုတွေ အမျိုးသားရေးဂရုတွေမှာ ပျံ့နှံ့နေလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁ရက်နေ့ကနေ မတ်လ သို့မဟုတ် ဇန်နဝါရီ ၁ရက်နေ့မှ ၈ရက်နေ့ထိ စသဖြင့် ရက်အမျိုးမျိုးဖြင့် တပ်မတော်ကအာဏာသိမ်းမယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly