တိုကျိုမှာ အရေးပေါ်အခြေအနေ ကြေညာဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ် ဆူဂါ ပြော  

တိုကျိုမှာ အရေးပေါ်အခြေအနေ ကြေညာဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ် ဆူဂါ ပြော  
Photo - AFP

ဇန်နဝါရီ ၄၊ ၂၀၂၁   

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်း ပြင်းထန်လာတဲ့အပေါ် တိုကျိုဧရိယာ အတော်များများမှာ  အရေးပေါ်အခြေအနေ ကြေညာဖို့ စဉ်းစားချင့်ချိန်နေတယ်လို့ ဇန်နဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။  

ဂျပန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးမှု အစီအစဉ်ကို ဖေဖော်ဝါရီနှောင်းပိုင်းမှာ စတင်သွားမှာဖြစ်ပြီး ပထမဆုံး ကာကွယ်ဆေး ထိုးနှံမယ့်သူတွေထဲမှာ ဝန်ကြီးချုပ် ဆူဂါလည်း ပါဝင်မယ်လို့ သိရပါတယ်။  

လုပ်ငန်းတွေပိတ်သိမ်းဖို့ ဒါမှမဟုတ် အလုပ်ချိန်တွေ လျှော့ချဖို့ စတဲ့ စည်းကမ်းသတ်မှတ်ချက် မလိုက်နာတဲ့သူတွေကို ပြစ်ဒဏ်ပေးသွားမှာ ဖြစ်သလို စည်းကမ်းလိုက်နာသူတွေကိုလည်း ထောက်ပံ့မှုတွေ ပေးသွားမယ်လို့ ဝန်ကြီးချုပ် ဆူဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  

အစိုးရအနေနဲ့ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ၂၀၂၀ တိုကျို အိုလံပစ်ပွဲကိုလည်း ဒီနှစ်နွေရာသီမှာ ကျင်းပသွားမှာ ဖြစ်ကြောင်းနဲ့ လူသားတွေ ဗိုင်းရပ်စ်ကို ကျော်လွှားနိုင်တယ်ဆိုတာ အဆိုပါပွဲက သက်သေပြသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ဆူဂါက ပြောပါတယ်။   

စက်တင်ဘာလကစပြီး ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် ဆူဂါဟာ နိုင်ငံတွင်း ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာမှုအပေါ် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဖိအားများစွာကို ရင်ဆိုင်နေရပါတယ်။   

စနေနေ့က တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို ကိုအိကဲ အပါအဝင် အုပ်ချုပ်ရေးမှူး လေးဦးတို့က သူတို့ရဲ့ဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။  

ဂျပန်အစိုးရဟာ နောက်တစ်ဖန် စီးပွားရေးပြန်လည် ကျဆင်းစေမယ့် စီမံချက်မျိုးကို လုပ်ဆောင်ဖို့လည်း တွန့်ဆုတ်နေတာ ဖြစ်ပါတယ်။  

ဒါပေမယ့် ဝန်ကြီးချုပ် ဆူဂါက အစားအသောက် ဆိုင်တွေကနေ ကူးစက်မှုကို လျော့ပါးသွားအောင် ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။   

ဒေသတွင်းမီဒီယာတွေမှာတော့ လာမယ့်စနေနေ့က စတင်ပြီး အရေးပေါ်အခြေအနေ သတ်မှတ်နိုင်တယ်လို့ ဖော်ပြထားပေမယ့် ဂျပန်အစိုးရဘက်ကတော့ အတည်ပြုပြောကြားခြင်းတော့ မရှိသေးပါဘူး။   

ဂျပန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တခြားနိုင်ငံတွေထက် ပိုမိုထိန်းချုပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ရောဂါစတင် ဖြစ်ပွားကတည်းက သေဆုံးသူ ၃,၅၀၀ ကျော်သာ ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly