ပေကျင်းမှာ လူ ထောင်ပေါင်းများစွာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု စတင် 

ပေကျင်းမှာ လူ ထောင်ပေါင်းများစွာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု စတင် 
Photo - AFP

ဇန်နဝါရီ ၄၊ ၂၀၂၁

တရုတ်နိုင်ငံ၊ ပေကျင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ရောဂါကူးစက်မှု မြင့်မားနိုင်ခြေရှိတဲ့ လူအုပ်စုတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေးမှု အစီအစဉ် စတင်ခဲ့ပြီး စင်တာပေါင်း ၂၂၀ မှာ နှစ်ရက်အတွင်း လူပေါင်း ၇၃,၅၃၇ ဦးကို ကာကွယ်ဆေး ထိုးနှံပေးပြီးပြီ ဖြစ်ပါတယ်။ 

ပေကျင်းမှာ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်အကြား လူအုပ်စု ကိုးစုခွဲပြီး လက်ရှိမှာ ကာကွယ်ဆေး ထိုးပေးလျက်ရှိတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ 

တရုတ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမျိုးသားဆေးဝါးထုတ်ကုန်အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းဖြစ် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးကွက်မှာ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အဲဒီကာကွယ်ဆေးဟာ ဆေးဝါးကုမ္ပဏီ Sinopharm ရဲ့တွဲဖက်ဖြစ်တဲ့ China National Biotec Group ရဲ့လက်အောက်ရှိ Beijing Biological Products Institute Co., Ltd. က တီထွင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ 

ကာကွယ်ဆေးထိုးမယ့် သူတွေဟာ ကနဦး ကျန်းမာရေး စစ်ဆေးတဲ့အနေနဲ့ အပူချိန်နဲ့ ကျန်းမာရေးကုဒ် စစ်ဆေးမှု ခံယူတာတွေ လုပ်ဆောင်ရပါတယ်။ ဖျားနာတာ၊ သွေးထွက်သံယိုဖြစ်နေတာ၊ အသည်း ဒါမှမဟုတ် ကျောက်ကပ်တွေ ပျက်စီးနေတာတွေရှိရင် ကာကွယ်ဆေးထိုးခွင့် မရှိပါဘူး။

ကာကွယ်ဆေးထိုးဖို့ စောင့်ဆိုင်းနေတဲ့ စူပါမားကက်ဝန်ထမ်းတစ်ဦးက “ဈေးကွက်ကြီးကြပ်ရေးဗျူရိုနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာနက ကျွန်တော်တို့တွေကို ကာကွယ်ဆေးထိုးဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့တာပါ။ ကာကွယ်ဆေးထိုးလို့ မရတဲ့အခြေအနေ ကိုးခုကိုလည်း အသိပေးခဲ့ပါတယ်။ လက်မောင်းမှာ ကာကွယ်ဆေးထိုးပြီးတော့ နည်းနည်းနာပေမယ့် တခြား ဆိုးဆိုးရွားရွား အခြေအနေတွေတော့ မရှိပါဘူး” လို့ ပြောပါတယ်။ 

ကွမ်ဝေဆေးရုံက ဒုတိယအကြီးအကဲဖြစ်တဲ့ ဆောင်လီဟွန်းက “ဒီအခန်းက ဆိုးကျိုးတုံ့ပြန်တဲ့အခါမှာ ကုသပေးတဲ့အခန်းပါ၊ ဆေးရုံက အရေးပေါ်အခန်းလိုပေါ့။ ကာကွယ်ဆေးထိုးတဲ့လူတွေ ဆိုးရွားတဲ့တုံ့ပြန်မှုတွေ ပြလာရင် အရေးပေါ်  ပြုစုစောင့်ရှောက်ပေးသလို တခြား ကျန်းမာရေး ပြဿနာတွေ ရှိရင်လည်း ကုသပေးပါတယ်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အောင်လည်း နှစ်သိမ့်ပေးပါတယ်” လို့ ဆိုပါတယ်။ 

တရုတ်ဟာ ဇွန်လတုန်းက ကူးစက်မှု မြင့်မားနိုင်ခြေရှိတဲ့ အုပ်စုတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့် ပေးခဲ့ပါတယ်။ နိုဝင်ဘာလအကုန်မှာ ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကျော်ကို အရေးပေါ် အသုံးပြုမှုအတွက် ဖြန့်ဖြူးခဲ့ပါတယ်။ 

ရောဂါဖြစ်ပွားမှု ဆိုးရွားတဲ့ ပြည်ပနိုင်ငံတွေကို သွားတဲ့သူ ၆၀,၀၀၀ လောက်ကိုလည်း ကာကွယ်ဆေး ထိုးပေးခဲ့ပြီး ဆိုးရွားတဲ့ တုံ့ပြန်မှုတွေ မရှိဘူးလို့ အမျိုးသားကျန်းမာရေးဌာနက ပြောပါတယ်။ 

တရုတ်ဟာ အဓိက လူအုပ်စုတွေကို ပစ်မှတ်ထားပြီး ဒီဆောင်းရာသီနဲ့ နွေဦးကာလအတွက် ကာကွယ်ဆေးထိုးမှု အစီအစဉ်ကို ဒီဇင်ဘာ ၁၅ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာလအကုန်အထိ ဦးစားပေးအုပ်စုတွေအကြား ကာကွယ်ဆေးထိုးသူပေါင်း သုံးသန်းကျော် ရှိခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly