စုပ်ခွက်ငါးများ ဧရာဝတီမြစ်အတွင်းလွှတ်ခဲ့သည့် ဆရာတော်ကို သက်ဆိုင်ရာက သွားရောက် တွေ့ဆုံ

စုပ်ခွက်ငါးများ ဧရာဝတီမြစ်အတွင်းလွှတ်ခဲ့သည့် ဆရာတော်ကို သက်ဆိုင်ရာက သွားရောက် တွေ့ဆုံ
ဓာတ်ပုံ - ရွှေကျွန်းမြေဆရာတော် (FB)

ရန်ကုန်၊ ဇန်နဝါရီ ၂

ဧရာဝတီမြစ်အတွင်းသို့ စုပ်ခွက်ငါး အကောင်ရေ ၂၀၀၀ ကျော် ဘေးမဲ့လွှတ်ခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီးမှ ရွှေကျွန်းမြေ ဆရာတော်အား သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှုးက သွားရောက်တွေ့ဆုံပြီး အဆိုပါငါးနှင့် ပတ်သက်သည့် တားမြစ်ချက်များကို လျှောက်ထားခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက မဇ္ဈိမကို ပြောသည်။

အဆိုပါဆရာတော်က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နှစ်ကုန်အထိမ်းအမှတ် အဖြစ် ကျောင်းတိုက်ရှိ ကန်အတွင်းမှ စုပ်ခွက်ငါးများကို ဧရာဝတီမြစ်အတွင်း ဘေးမဲ့လွှတ်ပေးခဲ့ပြီး အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားရာ ဝေဖန်မှုများမြင့်တက်ခဲ့သည်။

စုပ်ခွက်ငါးများကို တင်သွင်းခြင်းမပြုရန်နှင့် ပြင်ပတွင် လွှတ်ခြင်းမပြုရန် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက အသိပေးတားမြစ်ထားကြောင်းဦးမြင့်ဇင်ထူးက ပြောသည်။

“အခုဖြစ်စဉ်မှာကတော့ ဆရာတော်က မသိလို့ လုပ်လိုက်တာပေါ့နော်။ စုပ်ခွက်ငါးဆိုတဲ့အမျိုးက ရေအောက်ကြမ်းပြင်မှာပဲ နေတာဆိုတော့ ပြန်ဖမ်းလို့လဲ မလွယ်တော့ဘူးပေါ့။ ဆရာတော်ကိုတော့ သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးက သွားလျှောက်ထားပါတယ်။ နောက်နောက် ဒီလိုဆောင်ရွက်ခြင်းမပြုဖို့။ ဒီလိုလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။ စုပ်ခွက်ငါးတွေ ပွားလာတယ်ဆိုရင် တခြားမျိုးစိတ်တွေကို စားပစ်နိုင်တယ်။ မျိုးရင်းငါးတွေ ပျောက်သွားနိုင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာ့ဒေသမျိုးရင်းမဟုတ်ဘဲ အလှမွေးငါးမွေးမြူသူများက ပြည်ပမှ တင်သွင်းဖြန့်ဖြူးခဲ့ခြင်းဖြစ်ပြီး အလွယ်တကူစွန့်ပစ်ရာမှတစ်ဆင့် စုပ်ခွက်ငါးများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ပွားများရှင်သန်နေကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ငါးမွေးမြူရေးကန်အများစုတွင်လည်း စုပ်ခွက်ငါးများကြောင့် အခက်အခဲကြုံနေရကြောင်း မအူပင်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုသက်အောင်ဆွေက ပြောသည်။

“ကျွန်တော်တို့ဆီမှာ ရောက်နေတာတော့ လေးနှစ်လောက်ရှိပြီးပေါ့နော်။ ကန်ထဲက ငါးတွေကို အစာကျွေးတဲ့အခါမှာ ငါးစုပ်ခွက်ဆိုတဲ့ ငါးက လုစားတယ်။ သူကပေါက်ပွားနှုန်းလည်း ကောင်းတယ်ပေါ့။ ငါးသားပေါက်တွေကိုလည်း သူက စားတယ်။ ကန်ဖော်တဲ့အခါမှာလည်း အဆူးတွေပါတော့ လူကို အန္တရာယ်ပေးတယ်။ ပေါက်ပွားနှုန်းများတော့ မွေးမြူရေးငါးတွေ ကြီးထွားနှုန်းကို တစ်ဝက်လောက်ကို ထိခိုက်စေတယ်။ အစာပြုန်းတီးမှုလည်း ဖြစ်တာပေါ့။ ဧကတစ်သောင်းရှိရင် ဧက ကိုးဆယ်လောက်က ဒီငါးရဲ့ အန္တရာယ်ကိုရင်ဆိုင်နေရတာပေါ့” ဟု ပြောသည်။

ဓာတ်ပုံ - Thet Aung Swe

ပြည်ပမျိုးရင်းဖြစ်သည့် စုပ်ခွက်ငါးများသည် မျိုးပွားနှုန်းမြန်ခြင်း၊ အခြေအနေအမျိုးမျိုးတွင် အကြမ်းခံရှင်သန်နိုင်ခြင်း၊ ဖမ်းဆီးရန် မလွယ်ကူခြင်းနှင့် ၎င်းငါးကို စားငါးအနေဖြင့် စားသုံးလေ့မရှိကြခြင်းတို့ကြောင့် မြန်မာ့ဒေသမျိုးရင်းငါးများနေရာတွင် အလျှင်အမြန်ဝင်ရောက်လာပြီး မြန်မာ့ဒေသမျိုးရင်းငါးများ ပျောက်ကွယ်သွားနိုင်သောကြောင့် စုပ်ခွက်ငါးများကို ရှင်းလင်းသုတ်သင်ကြရန်လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က “ဒီငါးက အရမ်းပွားတာမြန်တယ်။ နောက် အခုက ဧရာဝတီဖြစ်ထဲဆိုတော့ အရမ်းပွားမှာပေါ့နော်။ ဒါကို ပညာပေးသင့်တယ်လို့ မြင်ပါတယ်။ အခုဆိုရင် ကန်ထဲမှာ ရောက်တဲ့အခါကျတော့ ပြန်ဖမ်းတဲ့အခါ ကိုယ့်ငါးက သိပ်မရှိဘဲ စုပ်ခွက်ငါးတွေ အများကြီးဖြစ်နေတယ်။ ဒါမျိုးဆိုရင် တွေ့တာနဲ့ကို သုတ်သင်ရမှာပေါ့နော်” ဟု ပြောသည်။

စုပ်ခွက်ငါးများသည် ခြောက်သွေ့ရာသီရောက်လာပြီး ရေရှားပါးလာချိန်တွင်လည်း ပြင်ပလေကို တိုက်ရိုက်ရှူသွင်းကာ အသက်ရှင်နိုင်ပြီး ငါးကန်ဘောင်များအတွင်း ကျင်းတူးကာ နေလေ့ရှိသောကြောင့် ကန်ဘောင်ပျက်စီးစေသကဲ့သို့ ဆူးတောင်များကြောင့် ငါးဖမ်းပိုက်များကို ပျက်စီးစေနိုင်ပြီး သဘာဝရေပြင်ထဲရောက်ရှိလာပါက ဖယ်ရှားရန်ခက်ခဲကြောင်းလည်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly