၂၀၃၅ ခုနှစ်တွင် လူလိုက်ပါခြင်းမရှိသည့် တိုက်လေယာဉ်များ တပ်ဖြန့်ရန် ဂျပန် ရည်မှန်း 

၂၀၃၅ ခုနှစ်တွင် လူလိုက်ပါခြင်းမရှိသည့် တိုက်လေယာဉ်များ တပ်ဖြန့်ရန် ဂျပန် ရည်မှန်း 

ဇန်နဝါရီ ၁ 

ဂျပန်သည် လူလိုက်ပါခြင်းမရှိဘဲ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သည့် တိုက်လေယာဉ်တစ်မျိုးကို ထုတ်လုပ်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မြန်နှုန်းမြင့် ရွေ့လျားမှု၊ ဦးတည်ရာ ပြောင်းလဲမှုတို့ကို လုပ်နိုင်စွမ်းရှိသော ထိုတိုက်လေယာဉ်ကို ၂၀၃၅ ခုနှစ်တွင် အဆောလျင်ဆုံး တပ်ဖြန့်သွားရန် ရည်မှန်းထားသည်။ တရုတ်၏ စစ်ဘက် နည်းပညာရပ်ပိုင်း ထပ်မံတိုးတက်မှုများနှင့် ဒရုန်းစစ်ပွဲ ခေါင်းထောင်လာမှုတို့အတွက် ဂျပန်တို့ အားတင်းထားရလျက်ရှိသည်။ 

လက်ရှိအချိန်တွင် တိုကျိုထက် ယင်း၏ ပိုမိုကြီးမားသော အိမ်နီးချင်းနိုင်ငံက လူအင်အား၊ လက်နက်အင်အား ပိုသာလျက် ရှိသည်။ တရုတ်သည် ဂျပန်ထက် သုံးဆခန့် ပိုများသော အသံထက်မြန်သည့် အမြန်နှုန်းများအထိ ရောက်နိုင်သည့် စတုတ္ထမျိုးဆက် တိုက်လေယာဉ်အစင်း ၁,၀၀၀ ကျော် ပိုင်ဆိုင်ထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ ထို့ပြင် တရုတ်သည် ပဉ္စမမျိုးဆက် ရေဒါနှင့်အဖမ်းရခက်သော နည်းပညာပါဝင်သည့် တိုက်လေယာဉ်များကိုလည်း စတင် တပ်ဖြန့်ထားသည်။ 

အရေအတွက်ပိုင်းတွင် သိသာထင်ရှားစွာ အားနည်းမှုနှင့် ရင်ဆိုင်နေရချိန် အခြားသော နိုင်ငံအများအပြားကဲ့သို့ပင် ဂျပန်သည်လည်း တရုတ်၏ စစ်ရေးပါဝါကို ထိန်းချုပ်ရန် ကာကွယ်ရေးနှင့် ဆက်နွယ်သော သုတေသနပြုလုပ်မှုကို အရှိန်မြှင့်တင်လုပ်ဆောင်နေသည်။ 

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနသည် တိုက်ခိုက်ရေးဒရုန်းများကို အဆင့်သုံးဆင့်ဖြင့် အစပျိုးလုပ်ဆောင်ရန် စီစဉ်ထားသည်။ ပထမအဆင့်မှာ ယင်းတို့ကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ခြင်း ဖြစ်သည်။ ယင်းနောက် လူလိုက်ပါမောင်းနှင်သော လေယာဉ်တစ်စင်းက ဒရုန်းအချို့ကို ထိန်းချုပ်မည့် “လက်တွဲလုပ်ဆောင်သော” စစ်ဆင်ရေးများ ဖြစ်ပြီး အဆုံးစွန်တွင် လုံးလုံးလျားလျား လူလိုက်ပါခြင်းမရှိသော၊ အလိုအလျောက် ဖြစ်သော လေယာဉ်အုပ်အဖြစ် အသုံးပြုခြင်းဖြစ်သည်။ အလိုအလျောက်စနစ် လက်နက်များတွင် အဆင့်မြင့် machine-learning (စက်၏ သင်ယူမှု) လုပ်နိုင်စွမ်းများ လိုအပ်သလို နိုင်ငံတကာ စည်းမျဉ်းများသည်လည်း နည်းပညာနှင့် ကိုက်ညီမှု ရှိစေရန် လုပ်ရဦးမည်ဖြစ်သည်။ ဝန်ကြီးဌာနသည် ယင်း၏ ၂၀၃၅ ရည်မှန်းချက်အတွက် လက်တွဲလုပ်ဆောင်သော စစ်ဆင်ရေးများကို ပထမဦးစွာ အာရုံစိုက်ရန် စီစဉ်နေသည်။ ၂၀၃၅ ရည်မှန်းချက်သည် ဂျပန်၏ နောက်မျိုးဆက်သစ် လူလိုက်ပါသော တိုက်လေယာဉ်များ တပ်ဖြန့်မှုနှင့် တိုက်ဆိုင် ချမှတ်ထားခြင်း ဖြစ်သည်။ 

ဂျပန်ကုမ္ပဏီများကို လိုအပ်သော နည်းပညာများနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန် တာဝန်ပေးအပ်ထားပြီးဖြစ်သည်။ Subaru သည် အဝေးထိန်းစနစ်နှင့် ပျံသန်းမှု ထိန်းချုပ်ရေး လုပ်နိုင်စွမ်းများ ဖန်တီးထုတ်လုပ်ရန် တာဝန်ခံရမည်ဖြစ်သည်။ Mitsubishi Heavy Industries နှင့် Mitsubishi Electric သည် လေယာဉ်အသီးသီးအကြား တစ်ပြိုင်နက်တည်း သတင်းအချက်အလက် မျှဝေမှု နှင့်ပတ်သက်ပြီး လုပ်ဆောင်မည်ဖြစ်သည်။ ဝန်ကြီးဌာန၏ ဝယ်ယူရေး၊ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီသည်လည်း ဒရုန်းများအတွက် ဉာဏ်ရည်တု နည်းပညာနှင့်ပတ်သက်၍ အသေးစိတ် စီမံချက်ထုတ်နေသည်။ 

ဂျပန်၏ ပါဝင်လုပ်ကိုင်သူများသည် အမေရိကန်နှင့် ဗြိတိန်ကုမ္ပဏီများနှင့်လည်း လက်တွဲသွားနိုင်သည်။ 

၀န်ကြီးဌာနသည် အဝေးထိန်းစနစ်နှင့် ပျံသန်းရေး ထိန်းချုပ်မှု နည်းပညာပိုင်းတွင် ယန်း ၂ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၂၄ ဒသမ ၃ သန်း) ရင်နှီးမြှုပ်နှံမည်ဖြစ်ပြီး AI နည်းပညာတွင် နောက်ထပ် ယန်း သန်း ၂၀၀ ရင်းနှီးမည်ဖြစ်သည်။ ၂၀၂၄ ဘဏ္ဍာနှစ် အချိန်ကာလတွင် အရွယ်အစားသေး ရှေ့ပြေးပုံစံတစ်ခုနှင့် စမ်းသပ်ပျံသန်းမှုတစ်ခု လုပ်ဆောင်ရန် ယင်းက ရည်မှန်းနေသည်။ ထို ၂၀၂၄ အချိန်ကာလတွင် သုတေသန အဆင့်ကို လက်စသတ်နိုင်ဖွယ်ရှိပြီး ၂၀၂၅ ဘဏ္ဍာနှစ်ကို အစောဆုံးထားပြီး အပြီးသတ်ထုတ်ကုန်ကို စတင်ဒီဇိုင်းရေးဆွဲဖွယ်ရှိသည်။ အပြီးသတ် တိုက်ခိုက်ရေးဒရုန်းများတွင် ထောက်လှမ်းမှုနှင့် ဒုံးကျည် လုပ်နိုင်စွမ်းများ တပ်ဆင်သွားနိုင်သည်။ 

ဒရုန်း အသီးသီးကို ပိုင်းလော့တစ်ဦးတည်းက ထိန်းချုပ်ခြင်း၊ တစ်စင်းနှင့် တစ်စင်းအကြား သတင်းအချက်အလက် ဝေမျှနိုင်ခြင်းအားဖြင့် ဂျပန်သည် လူစွမ်းအားရင်းမြစ် အနည်းငယ်မျှသာ သုံးပြီး ယင်း၏ ကာကွယ်ရေးပိုင်းကို တိုးမြှင့်ရန် မျှော်လင့်နေသည်။ ယင်းဒရုန်းများသည် ဂျပန်၏ ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင်အမှုထမ်းများ၏ အသက်ဘေးအတွက် အရဲစွန့်ရခြင်း မရှိဘဲ အန္တရာယ်များသော ဧရိယာများတွင် ဒေတာများ စုဆောင်းနိုင်သည်။  

တိုက်ခိုက်ရေး ဒရုန်းများတွင် လေယာဉ်မှူးအခန်းတစ်ခု မလိုအပ်သည့်အတွက် ယင်းတို့ကို လူလိုက်ပါသော ဂျက်လေယာဉ်တစ်စင်းနှင့်ယှဉ်ပါက ပိုမိုသေးငယ်စွာ၊ ပိုမိုရိုးရှင်းစွာ၊ ပိုမို တန်ဖိုးသက်သာစွာ တည်ဆောက်နိုင်သည်။ သို့သော် ယင်းတို့တွင် ရန်သူ၏ တိုက်ခိုက်မှုတစ်ခုကို ထိရောက်စွာ တုံ့ပြန်နိုင်ရန် များပြားသည့် ဒေတာပမာဏများကို တစ်ပြိုင်နက်တည်း တွက်ချက်စီမံနိုင်သည့် အဆင့်မြှင့် AI နည်းပညာ လိုအပ်သည်။ 

ကမ္ဘာတဝန်းရှိ နိုင်ငံများသည် တိုက်ခိုက်ရေး ဒရုန်းများကို ထုတ်လုပ်ရန် လုပ်ဆောင်နေကြသည်။ တရုတ်၏ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများသည် ယင်းနည်းပညာနှင့်ပတ်သက်၍ အတူတကွ လုပ်ဆောင်နေပြီး ယင်းနိုင်ငံသည် လူလိုက်ပါခြင်းမရှိသော လေယာဉ်ကို နယ်ပယ်ကွင်းပြင်ထဲတွင် အသုံးပြုနေခဲ့ပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်က တရုတ်ဒရုန်းတစ်စင်းသည် ဂျပန် ထိန်းချုပ်သော ဆန်ကာကူ ကျွန်းစု (တရုတ်က ယင်းတို့ကို ပိုင်ဆိုင်ကြောင်း ပြောထားပြီး ဒိုင်အိုယူဟု ခေါ်သော ကျွန်းစု) အနီး ဂျပန် လေပိုင်နက်ထဲ ပျံသန်းဝင်ရောက်ခဲ့သည်။ 

တရုတ်သည် AI ပါဝါသုံး တိုက်ခိုက်ရေး ထောက်ကူမှု စနစ်တစ်ခုနှင့်ပတ်သက်၍လည်း လုပ်ဆောင်နေသည်ဟု ယုံကြည်ရသည်။ ယင်းနိုင်ငံ၏ နောက်ထပ် အဆင့်မြင့်ဖြစ်ပေါ်နေမှုများက ဂျပန်တို့ကို ယင်း၏ ကာကွယ်ရေးလုပ်နိုင်စွမ်းပိုင်း ထပ်မံ မြှင့်တင်ရန် တွန်းအားပေးနိုင်သည်။ 

တစ်ချိန်တည်းမှာပင် အမေရိကန်သည် ၂၀၁၉ ခုနှစ်က ယင်း၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုတစ်ခုကို လုပ်ခဲ့သည်။ ယင်း၏ ဒရုန်းများသည် အနည်းဆုံး ဗုံးသေး နှစ်လုံးကို သယ်ဆောင်နိုင်သည်ဟု ယုံကြည်ရပြီး မြေပြင်၊ ရေပြင် တိုက်ခိုက်ရေးနှင့် ဝေဟင် တိုက်ခိုက်ရေးအတွက် တပ်ဆင်ထားနိုင်သည်။ အမေရိကန် လေတပ်သည် လာမည့် ဇူလိုင်လတွင် လူလိုက်ပါသော ဂျက်လေယာဉ်ကို ရင်ဆိုင်မည့် အဆင့်မြှင့် အလိုအလျောက် လေယာဉ်တစ်စင်းကို စမ်းသပ်ရန် စီစဉ်နေသည်။ 

ယူကေသည် ၂၀၂၂ တွင် အစောဆုံးအားဖြင့် စမ်းသပ်ပျံသန်းမှုတစ်ခု လုပ်ရန် စီစဉ်ထားပြီး လက်ရှိ ထုတ်လုပ်နေဆဲဖြစ်သော မျိုးဆက်သစ် လူလိုက်ပါသော တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို ချိတ်ဆက်ရန် မျှော်မှန်းနေသည်။ သြစတြေးလျသည်လည်း ထောက်လှမ်းစောင့်ကြည့်ခြင်း စစ်ဆင်ရေးများကို အထောက်အပံ့ပြုရန် ယင်း၏ တိုက်ခိုက်ရေးဒရုန်းများကို ပေါင်းစည်းထားသော ဆင်ဆာများ တပ်ဆင်ရန် စဉ်းစားနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly