ဖေဖော်ဝါရီလတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော  

ဖေဖော်ဝါရီလတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော  
Photo Credit - Myanmar State Counsellor Office

ဇန်နဝါရီ ၁ရက်  

အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် စာချုပ်ချုပ်ဆိုထားပြီဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။  

နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ် အခါသမယတွင် ပြောကြားသည့် မိန့်ခွန်း၌ အဆိုပါ ကိစ္စရပ်အား ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။  

“ပထမဆုံးကာကွယ်ဆေးတစ်သုတ် အိန္ဒိယနိုင်ငံမှ ရရှိရေးအတွက် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးသုံးခွင့်ကို အိန္ဒိယရှိ သက်ဆိုင်ရာဌာနက ထုတ်ပြန်ပြီးတာနဲ့ မြန်မာပြည်တွင်းကို သွင်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အရ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေကို ဦးစားပေးရမယ့်အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံးစတင်ထိုးပေးမှာဖြစ်ပါတယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။  

ကာကွယ်ဆေးရရှိရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေခြင်းကြောင့် ယှဉ်ပြိုင်မှုများပြီး လက်ရှိ (၂၀၂၁ခုနှစ်) တစ်နှစ်တာကာလအတွင်း ကာကွယ်ဆေးထိုးနှံပေးရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်မည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။  

ပြည်သူ ၁၅ သန်းစာအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရန် မြန်မာအဖွဲ့သည် အိန္ဒိယတွင် သွားရောက်ညှိနှိုင်းခဲ့သည်။  

 

ထို့ကြောင့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးမထိုးရသေးခင်ကာလတွင် သတိရှိရန်နှင့် သည်းခံရန် ၎င်းက ပြောသည်။  

“ကာကွယ်ဆေးမထိုးရသေးမီကာလအတွင်း ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ကိုဗစ်-၁၉ အောင်နိုင်ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။  

မြန်မာအစိုးရအနေဖြင့် ကိုဗစ်ကာကွယ်ဆေးအား အိန္ဒိယနိုင်ငံရှိ ဆီယမ် အင်စတီကျု့ (Serum Institute) ထံမှ ဝယ်ယူရေးအတွက် သဘောတူညီချက်ကို ဒီဇင်ဘာ ၂၄ ရက်နေ့က မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရကြား လက်မှတ်ရေးထိုးခဲ့ကြောင်း နယူးဒေလီရှိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။   

ဆီယမ် အင်စတီကျု့ (Serum Institute) သည် အိန္ဒိယနိုင်ငံ၊ ပူနေးမြို့ အခြေစိုက် ကိုယ်ခန္ဓာခုခံအားဆိုင်ရာ ဇီဝဗေဒ ဆေးဝါးများ ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည်။  

အိန္ဒိယနိုင်ငံတွင်စမ်းသပ်ထုတ်လုပ်နေသည့် ကာကွယ်ဆေးများထဲမှ ဆီယမ် အင်စတီကျု့ (Serum Institute) နှင့် ဗြိတိသျှဆေးဝါးကုမ္ပဏီ အက်စတြာဇန်နကာတို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်ရှီး (Covishield) ကာကွယ်ဆေးနှင့် ဘာရက် ဘိုင်အိုတက်ခ် (Bharat Biotech) ဆေးကုမ္ပဏီနှင့် အိန္ဒိယ ဆေးသုတေသနကောင်စီတို့ ပူးတွဲထုတ်လုပ်သည့် ကိုဗက်ဆင်း (Covaxin) ကာကွယ်ဆေးများအား အသုံးပြုနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ခွင့်ပြုမိန့် တောင်းခံထားပြီး ဖြစ်သည်။  

ကာကွယ်ဆေး ရရှိလာပါက ကျန်းမာရေး ဝန်ထမ်းများနှင့် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးရှိသူများ၊ ရောဂါအခံရှိသူ၊ အသက်အရွယ်ကြီးရင့်သူများကို ဦးစွာထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။  

လက်ရှိတွင် ပိုးတွေ့ရှိမှုနှုန်း ဆက်တိုက်ကျလာပြီး ကာကွယ်ဆေးရရှိရန် နီးစပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆက်လက်အားတင်းသည်းခံပေးကြရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။  

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၃၁ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၄၆၃၀ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၀၇၀၆၉ ဦးရှိကာ သေဆုံးသူ ၂၆၈၂ ဦးရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required