Big Ben နာရီစင်ကြီး ည ၁၁ နာရီ အထိုးမှာ စတင်အသက်ဝင်တဲ့  Brexit 

Big Ben နာရီစင်ကြီး ည ၁၁ နာရီ အထိုးမှာ စတင်အသက်ဝင်တဲ့  Brexit 
Photo - AFP

ဇန်နဝါရီ ၁ ၊ ၂၀၂၁

ဘရပ်ဆဲလ်မှာ သန်းခေါင်အချိန် လန်ဒန်က Big Ben နာရီစင်ကြီး ၁၁ နာရီ တိတိထိုးတဲ့အချိန်မှာ ဥရောပသမဂ္ဂ အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ Brexit သဘောတူညီချက်ဟာ စတင်အသက်ဝင်ပါ။ Brexit ခုလို အသက်စဝင်ပြီဖြစ်တာမို့ ဗြိတိန်အနေနဲ့ ၁၁ လကြာ နုတ်ထွက်ရေး အသွင်ကူးပြောင်းမှု ကာလကို အဆုံးသတ်လိုက်နိုင်သလို ဥရောပသမဂ္ဂကိုလည်း ထားရစ်ခဲ့ပြီ ဖြစ်ပါတယ်။  

ထင်ရှားကျော်ကြားတဲ့ Big Ben နာရီစင်ကြီးရဲ့ ၁၁ နာရီ ထိုးသံနဲ့အတူ Brexit အသက်ဝင်ပြီး နောက်တစ်နာရီအကြာမှာ ထိုးတဲ့ နာရီသံကတော့ နှစ်သစ်ကူးကြောင်း အချက်ပေးသံဖြစ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အများပြည်သူ ပျော်ပွဲရွှင်ပွဲတွေ မရှိဘဲ ခြောက်ကပ်တဲ့ နှစ်သစ်ကူးဖြစ်ခဲ့ပါတယ်။ 

Big Ben နာရီစင်ကြီးကို ၂၀၁၇ ခုနှစ်က ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဓိက အခမ်းအနားပွဲတွေအတွက်ပဲ နာရီသံထိုးတော့တာဖြစ်ပါတယ်။ 

ဗြိတိန်နိုင်ငံဟာ ရာစုဝက်မက ထွေးရောယှက်တင် မိတ်ဖက်ဖြစ်ခဲ့တဲ့ ဥရောပကနေ ခုချိန်မှာတော့ နောက်ဆုံး ခွဲထွက်ခဲ့ပြီဖြစ်တာကြောင့် တစ်ခုတည်းသော ဈေးကွက်နဲ့ အကောက်ခွန်သမဂ္ဂတွေကနေလည်း နုတ်ထွက်လိုက်ပါပြီ။ အီးယူကနေ နုတ်ထွက်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ မဲအတည်ပြုပြီး လေးနှစ်ခွဲမက ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီးမှ အီးယူကနေ နုတ်ထွက်နိုင်ပြီး ကိုယ်လမ်းကို လျှောက်လှမ်းတော့မှာ ဖြစ်ပါတယ်။ 

၂၀၁၆ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အီးယူက ဗြိတိန်နုတ်ထွက်မှုမှာ နှစ်ဖက်လုံး နိုင်ငံရေး စိတ်ထားမကင်းဘဲ အကြိတ်အနယ် ဆွေးနွေးပြီးမှ သဘောတူညီချက်ရကာ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီမှာ Big Ben နာရီစင်ကြီး ၁၁ နာရီ ထိုးသံနဲ့အတူ အသက်ဝင်လာခဲ့တာပါ။ 

အီးယူက နုတ်ထွက်ရေး လှုပ်ရှားမှုကို နောက်ပိုင်း ခေါင်းဆောင်မှု ပေးလာခဲ့တဲ့ ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က နိုင်ငံအတွက် ‘အံ့ချီးဖွယ် ဖြစ်စဉ်’ပါပဲလို့ ပြောသလို အီးယူက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကနေ ‘ကမ္ဘာလုံးဆိုင်ရာ ဗြိတိန်’အဖြစ် လွတ်မြောက်ခဲ့ပြီလို့ ပြောပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေတာကြောင့် ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပေမယ့်လည်း Brexit အလွန် ဗြိတိန်ကို ‘ပွင့်လင်းရိုးသားစွာနဲ့ ရှေ့ကို ချီတက်ပြီး နိုင်ငံတကာမူကို လက်ကိုင်ထားလို့ လွတ်လပ်သော ကုန်သွယ်ရေး’နဲ့ ခရီးဆက်မယ်လို့  ဘော်ရစ်ဂျွန်ဆင်က ပြောပါတယ်။ 

“ခုဆိုရင် ကျွန်တော်တို့ လက်ထဲမှာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို ပိုင်ပိုင်ဆိုင်ဆိုင် ဆုပ်ကိုင်ထားနိုင်ပြီ။ ဒါကပဲ ကျွန်တော်တို့ကို ပိုပြီး မြှင့်တင်ပေးသွားမှာ ဖြစ်တယ်။”လို့ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly