ကချင်နှင့် မွန်ပါတီများက NLD ပါတီနှင့် ဖက်ဒရယ်အရေးအပေါ် အခြေခံဆွေးနွေးမည်ဟုဆို

ကချင်နှင့် မွန်ပါတီများက NLD ပါတီနှင့် ဖက်ဒရယ်အရေးအပေါ် အခြေခံဆွေးနွေးမည်ဟုဆို

ဒီဇင်ဘာ ၃၀ ၊ ၂၀၂၀

ကချင် နှင့်မွန်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် သုံးဦး ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် အနာဂတ် ဖက်ဒရယ်အရေး ကိစ္စများအပေါ် အခြေခံပြီး အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီနှင့် မွန်ညီညွတ် ရေးပါတီမှ တာဝန်ရှိသူများက မဇ္ဈိမသို့ ပြောသည်။ 

 “အဓိက ဆွေးနွေးဖြစ်မယ်ဆိုလို့ရှိရင် အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် အဓိကကျတဲ့ ဖက်ဒရယ်ကိစ္စတွေကိုတော့ ဆွေးနွေးဖို့တော့ ပြင်ဆင်ထားတယ်။ အဲဒီတစ်ခုပါပဲ။ ” ဟု မွန်ညီညွတ်ရေးပါတီ (MUP) တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ပြောသည်။ 

တွေ့ဆုံဆွေးနွေးရာတွင်နိုင်ငံရေးပါတီအချင်းချင်းအပြန်အလှန်လေးစားမှုနှင့်တန်းတူထားမှုအပေါ်တွင်ဆွေးနွေး နိုင်မည်ဆိုပါကရှေ့ဆက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်အထိ တွေ့ဆုံဆွေးနွေး ရန် NLD ပါတီဘက်က အကြောင်းကြားလာ ခြင်းမရှိသေးသလို တွေ့ဆုံမည့် ရက်ကိုလည်း မသိရသေးကြောင်း ၎င်းက ပြောသည်။ 

ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်ဒွဲဘူကလည်း အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်မည့် အပေါ်တွင် အခြေခံပြီး ညှိုနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောသည်။ 

“သူတို့ဒီလိုဆောင်ရွက်မှုပေါ် ကျွန်မတို့က ကြိုဆိုတယ်။ အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မယ်။ အဲဒီအပေါ်မှာပဲ အခြေခံမှာပါ ကျွန်မတို့။ အသေးစိတ်ကတော့ ပြောလို့မရသေးပါဘူး။” ဟု ဒေါ်ဒွဲဘူက ပြောသည်။ 

ကချင်ပြည်နယ်ရှိ ပြည်သူ့ပါတီနှင့် NLD ဗဟိုအလုပ်အမှုဆောင် သုံးဦး ဦးဆောင်သည့် အဖွဲ့သည် လာမည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်းလည်း ဒေါ်ဒွဲဘူက ပြောသည်။ 

ယခုကဲ့သို့ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံ၍ အနာဂတ်အတွက် ဆွေးနွေးအဖြေရှာခြင်းအပေါ် ကြိုဆိုသော်လည်း တိုင်းရင်းသားပါတီများ တင်ပြချက်အပေါ် NLD ပါတီက လက်တွေ့အကောင်အထည် ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က မှတ်ချက်ပေးသည်။ 

“ဒေါက်တာအောင်မိုးညို ဦးစီးပြီးမှ တင်လိုက်တယ်။ ဖွဲ့လိုက်တယ် သုံးယောက်။ ပြီးမှ ရရှိတဲ့ အချက်အလက်တွေကို သူတို့ဗဟိုကော်မတီကို တင်ပြမယ်ဆိုတဲ့ဟာက ဆုံးဖြတ်ချက် မပါလာဘူးလေ။ တိုင်းရင်းသားပါတီတွေရဲ့ အသံကိုစုစည်းပြီးမှ ဗဟိုကော်မတီက ဘာလုပ်မယ်ဆိုတာက သူတို့ရဲ့ သဘောထားအပေါ် မှုတည်သွားပြီပေါ့။ အနိုင်ရပါတီနဲ့ တွေ့ဆုံပွဲတွေလုပ်တာက မင်္ဂလာတစ်ပါးပါ။ တွေ့ဆုံခြင်းက အဖြေရှာတာပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေတင်ပြချက်အပေါ် လုပ်ဆောင်စေချင်တာပေါ့။ ” ဟု စိုင်းဌေးအောင်က ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရန် ဖွဲ့စည်းထားသည့် ပါအဖွဲ့သည် ပထမဆုံးအနေဖြင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စတင်သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။ 

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ သုံးဦးပါဝင်သည့်အဖွဲ့ကို NLD ပါတီက ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required