COVID-19 ကာကွယ်ဆေး မပေးလျှင် စစ်ပဋိညာဉ်အား အဆုံးသတ်မည်ဟု အမေရိကန်ကို ဒူတာတေး ခြိမ်းခြောက်

COVID-19 ကာကွယ်ဆေး မပေးလျှင် စစ်ပဋိညာဉ်အား အဆုံးသတ်မည်ဟု အမေရိကန်ကို ဒူတာတေး ခြိမ်းခြောက်

ဒီဇင်ဘာ ၃၀ ၊ ၂၀၂၀

COVID-19 ကာကွယ်ဆေး သန်းပေါင်းများစွာ မပေးပို့ပါက အဓိက စစ်ရေးသဘောတူညီချက်တစ်ရပ်ကို ဖိလစ်ပိုင်က အဆုံးသတ်ပစ်ရလိမ့်မည်ဟု သမ္မတ ဒူတာတေးက အမေရိကန်ကို ခြိမ်းခြောက်ပြောဆိုသည်။

ကာကွယ်ဆေး လုပ်ငန်းစဉ် နှောင့်နှေးခြင်းများနှင့် ပတ်သက်ပြီး ပြည်တွင်း၌ ပြင်းပြင်းထန်ထန် ဝေဖန်မှု ကြုံနေသည့် ဒူတာတေးသည် တပ်ဖွဲ့ဝင်များ လည်ပတ်နိုင်ခြင်း သဘောတူညီချက် Visting Forces Agreement စစ်ရေးပဋိညာဉ်ကို အမေရိကန်ထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရန် အလဲအထပ် လုပ်ရန် ကြိုးစားလာခြင်းလည်း ဖြစ်သည်။

“ကာကွယ်ဆေး သန်း ၂၀ အမေရိကန်က မပေးပို့ခဲ့ဘူးဆိုရင်တော့ သူတို့တွေ ထွက်သွားရမှာပဲ။ ကာကွယ်ဆေး မရရင်၊ ဒီမှာလည်း မနေရဘူး။”ဟု အစိုးရအဖွဲ့နှင့် အမျိုးသား ကိုဗစ်-၁၉ လုပ်ငန်းစဉ်အဖွဲ့တို့နှင့် တွေ့ဆုံသော စနေနေ့က ရုပ်သံအစည်းအဝေးတွင် သမ္မတ ဒူတာတေးက ပြောခြင်း ဖြစ်သည်။

ဖိလစ်ပိုင်အတွက် အလွန်အရေးပါသော အမေရိကန်နှင့် အပြန်အလှန် စစ်ရေးသဘောတူညီချက်ဖြစ်သည့် အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက်ခွင့်နှင့် ပတ်သက်သော ၁၉၉၈ ခုနှစ်က အဆိုပါ သဘောတူညီချက်ကို ခြောက်လသက်တမ်း ထပ်တိုးရန် နိုဝင်ဘာအတွင်း ဒူတာတေးက သဘောတူခဲ့ခြင်း ဖြစ်သည်။ ထို သဘောတူညီချက်ကို ဒူတာတေးသည် ယခုနှစ် အစောပိုင်းက တစ်ဖက်သတ် ပယ်ဖျက်ထားခဲ့ခြင်း ဖြစ်သည်။

စင်ကာပူနှင့် အင်ဒိုနီးရှားလို အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကဲ့သို့ Pfizer ထုတ် ကာကွယ်ဆေး ရရှိအောင် မစွမ်းဆောင်နိုင်ခြင်းကြောင့် ဒူတာတေးအစိုးရသည် ပြစ်တင်ခံရမှုများနှင့် ရင်ဆိုင်နေရချိန် ယခုကဲ့သို့ ၎င်းက ခြိမ်းခြောက်ဆိုလာခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယို၏ အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံသည် Pfizer ကာကွယ်ဆေး ဆယ်သန်းရရှိရန် အာမခံချက် ရှိထားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို ယခုလအစောပိုင်းတွင် ပြောခဲ့သည်။ ထို ကာကွယ်ဆေး ဆယ်သန်းကို ၂၀၂၁ ဇန်နဝါရီတွင် တင်ပို့ရန် အသင့်ရှိနေလိမ့်မည်ဖြစ်ခဲ့သော်လည်း ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို၏ ကိုင်တွယ်စီမံပုံ မှားယွင်းမှုများ ရှိခဲ့ဟန်ကြောင့် သဘောတူညီချက်က ပျက်ပြားသွားရခြင်း ဖြစ်သည်။

သို့ရာတွင် ကျန်းမာရေးဝန်ကြီးက ၎င်း၏ အမှားကြောင့် ကာကွယ်ဆေး သဘောတူညီချက် ပျက်ပြယ်သွားသည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်ပြီး အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer ထံမှ ကာကွယ်ဆေး ပေးပါမည်ဆိုသော ခိုင်မာသည့် ကတိပြုချက် လုံးဝမရှိခဲ့ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly