ဖားကန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ ၃ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ ၃ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
ဖားကန့်ရှိ ကျောက်မြတ်တူးဖော်ရေး လုပ်ငန်းတစ်ခုအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦးလင်းခိုင်ဖြိုး၊ ဆယ်အိမ်မှူး ဦးအောင်ကျော်စိုးအပါအဝင် လူ သုံးဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွားပြီး ဖမ်းဆီးထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးကျော်ဇင်က မဇ္ဈိမကို ပြောသည်။

ဒုရဲမှူးကြီးကျော်ဇင်က “သိရတာကတော့ ၂၇ ရက်နေ့က ဖြစ်တာပေါ့နော် ဒီဖြစ်စဉ်က။ ဖြစ်ပြီးတော့ စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်ကို ခေါ်သွားတယ်လို့ သိရတယ်။ ဖုန်းဆက်ပြီးခေါ်တာ သူတို့က။ အဲ့ဒီလို ကြားပါတယ်။ သတင်းကြားလို့ အိမ်ကို သွားပြီးတော့ သူ့ဇနီးကို မေးမြန်းတာပေါ့။ မေးမြန်းတဲ့အခါမှာ ဒီလိုခေါ်သွားတယ်ဆိုတာပဲ သိရသေးပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်နယ်စပ်ရှိ ဆယ်ဇင်းကျေးရွာသည်  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ထိစပ်နေသည့် နေရာဖြစ်ပြီး ထိုဒေသတစ်ဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ လှုပ်ရှားရာ နေရာဖြစ်သည်။ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့များ၏ အခွန်ဆက်ကြေးတောင်းခံမှုများရှိနေပြီး ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာလည်း အဆိုပါအဖွဲ့နှစ်ဖွဲ့ကြားဖြစ်ပွားသည့် ပြဿနာကြောင့် ဖြစ်နိုင်ကြောင်း ဒေသတွင်းအခြေအနေကိုကောင်းစွာနားလည်ထားသော သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာကြားသိရခြင်းမရှိသေးကြောင်းနှင့် တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း မဇ္ဈိမကို ပြောသည်။

“အခုလောလောဆယ်တော့ အဲ့ဒီသတင်းကို ကျွန်တော်တို့ ဘာမှ မကြားမိပါဘူး။ ကျွန်တော်တို့ လှုပ်ရှားမှုတော့ရှိတယ်။ ဒါပေမယ့် ဘာသတင်းမှ မကြားရသေးတော့ မှတ်ချက်ပေးစရာတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required