လက်ဘနွန်က ဆီးရီးယားဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

လက်ဘနွန်က ဆီးရီးယားဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား
Photo - AFP

ဒီဇင်ဘာ ၂၈

လက်ဘနွန်မြောက်ပိုင်းမှာ ဆီးရီးယားဒုက္ခသည်တွေနဲ့ ဒေသခံလက်ဘနွန်မိသားစုအကြား ခိုက်ရန်တွေဖြစ်ပွားပြီးတဲ့နောက် စနေနေ့က ဆီးရီးယားဒုက္ခသည်စခန်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

အိမ်ထောင်စုပေါင်း ၇၅ စုလောက်နေထိုင်တဲ့ မီနီယာဒေသက ဒုက္ခသည်စခန်းတစ်ခုမှာ ကြီးမားတဲ့မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူတချို့ကို ဆေးရုံတင်ထားတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က အတည်ပြုခဲ့ပါတယ်။ 

လက်ဘနွန်မိသားစုနဲ့ ဆီးရီးယားအလုပ်သမားတွေအကြား အငြင်းပွားမှုတွေဖြစ်ပွားပြီးနောက် ဒုက္ခသည်စခန်းက ရွက်ဖျင်တဲတွေ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း NNA သတင်းဌာနက ပြောပါတယ်။

ဆီးရီးယားအလုပ်သမားတွေက  လုပ်အားခတောင်းရာမှာ လက်ဘနွန်အလုပ်ရှင်တွေက ငြင်းဆန်ခဲ့တဲ့အတွက် ခိုက်ရန်တွေ စတင်ဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ 

ကနဦးစုံစမ်းမှုတွေအရ ဆီးရီးယားအမျိုးသမီးတစ်ယောက်ကို ရန်စနှောင့်ယှက်လို့ အငြင်းပွားမှုတွေဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

မီးလောင်မှုကြောင့် အိမ်တွေမှာရှိတဲ့ ဂတ်စ်အိုးတွေပေါက်ကွဲခဲ့ကာ တချို့မိသားစုတွေက ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြပါတယ်။ 

လက်ဘနွန်မှာ ကုလသမဂ္ဂအသိအမှတ်ပြု ဒုက္ခသည်ပေါင်း တစ်သန်းအပါအဝင် ဆီးရီးယားဒုက္ခသည် ၁.၅ သန်းလောက်နေထိုင်ကြပါတယ်။ 

အာဏာပိုင်တွေက ဒုက္ခသည်တွေကို ဆီးရီးယားကို ပြန်ဖို့တိုက်တွန်းပေမယ့် စစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားဟာ လုံခြုံမှုမရှိသေးဘူးလို့ လူအခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

နိုဝင်ဘာလတုန်းက ဆီးရီးယားနိုင်ငံသားတစ်ဦးက ဒေသခံလက်ဘနွန်တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ရပြီး နှစ်ဖက်အကြား တင်းမာမှုတွေမြင့်တက်လာခဲ့ကာ ဆီးရီးယား ဒုက္ခသည်ပေါင်း ၂၇၀ လောက်ဟာ လက်ဘနွန်မြောက်ပိုင်းမြို့ ဘရှာရီကနေ ထွက်ပြေးသွားခဲ့ကြပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required