ဒုံးကျည်တိုက်ခိုက်ခံရပြီးနောက် ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေး လေကြောင်းထိုးစစ်ဆင် 

ဒုံးကျည်တိုက်ခိုက်ခံရပြီးနောက် ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေး လေကြောင်းထိုးစစ်ဆင် 
Photo - AFP

 ဒီဇင်ဘာ ၂၆

ဂါဇာကမ်းမြောင်ဖက်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာကြောင့် အစ္စရေးစစ်တပ်ဟာ လက်တုံ့ပြန်ပြီး ဟားမတ်စ်ပစ်မှတ်တွေကို လေကြောင်းထိုးစစ်ဆင်နွှဲပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့ ညပိုင်းက အစ္စရေးပိုင်နက်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး အစ္စရေးစစ်တပ် IDF ဟာ စနေနေ့ အစောပိုင်းမှာပဲ ခုလို လက်တုံ့ပြန်လေကြောင်းထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ 

“အစ္စရေးတောင်ပိုင်းမှာ သတိပေးဥဩသံတွေ ဆွဲပြီး အချိန်ပိုင်းမှာပဲ ပါလက်စတိုင်း စစ်သွေးကြွတွေဖက်ကနေ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်တာပါ။ ဒီ ဒုံးကျည်တွေကို Iron Dome လေကြောင်းရန်ကာစနစ်နဲ့ ကြားဖြတ်ပစ်ချခဲ့ပါတယ်။”လို့ IDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချရာမှာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပေမယ့် ထိတ်လန့်ကြောက်လန့်တာကြောင့် ကုသပြုစုပေးရသူ လူအနည်းအကျဉ်းရှိတယ်လို့ အစ္စရေး အရေးပေါ်ဆေးဌာနက ဆိုပါတယ်။ 

တောင်ပိုင်း ဆိပ်ကမ်းမြို့ အက်ရှ်ကီလွန်နဲ့ ဂါဇာကမ်းမြောင်ပတ်လည်ဧရိယာတွေမှာ ဥဩဆွဲသံတွေနဲ့ အစောပိုင်းမှာ သတိပေးခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အခု နောက်ဆုံး ဒုံးကျည်ပစ်ခတ်မှုဟာ ဟားမတ်စ်တွေ ထိန်းချုပ်ရာ ပါလက်စတိုင်းဖက်ကနေ ပစ်ခတ်တာဖြစ်ပြီး ဒီမတိုင်ခင် တစ်လကျော်လောက်က ဂါဇာကမ်းမြောင်ဖက်ကနေပဲ အစ္စရေးဆီ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ပါသေးတယ်။ 

အစ္စရေးက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ဟားမတ်စ်တွေဟာ ပြိုင်ဖက် ပါလက်စတိုင်လှုပ်ရှားမှုအဖွဲ့ ဖာတက်ရှ်အုပ်စုနဲ့ ၂၀၀၇ ခုနှစ်တုန်းက ပြည်တွင်းစစ်အသွင် တိုက်ပွဲတွေ ဖြစ်ပွားအပြီးမှာ ဂါဇာကမ်းမြောင်ကို သိမ်းပိုက်ရရှိသွားခဲ့တာပါ။ 

အဲဒီအချိန်ကစလို့ ပါလက်စတိုင်း နှစ်သန်းနီးပါးနေထိုင်ရာ ကမ်းရိုးတန်းဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေနဲ့ အစ္စရေးတို့ ပျက်စီးမှုကြီးမားတဲ့ စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ 

ဟားမတ်စ်အဖွဲ့ စစ်လက်နက်ပစ္စည်းတွေ မရရှိဖို့အတွက် အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ရေရှည်ဆက်လက်ပိတ်ဆို့ထားတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly