ပြည်ခိုင်ဖြိုးအသင်းကို ချထားပေးခဲ့သည့် Music Zone KTV မြေနေရာကို အစိုးရ ပြန်သိမ်း  

ပြည်ခိုင်ဖြိုးအသင်းကို ချထားပေးခဲ့သည့် Music Zone KTV မြေနေရာကို အစိုးရ ပြန်သိမ်း  

ရန်ကုန်၊ ဒီဇင်ဘာ ၂၅  

လူမှုအကျိုးပြုလုပ်ငန်း လုပ်ကိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ချထားပေးသည့် လက်ရှိ Music Zone KTV မြေနေရာကို စီးပွား ရေးဆောင်ရွက်သောကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အစိုးရပိုင်အဖြစ် ပြန်လည် သိမ်းယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက အတည်ပြုပြောသည်။  

အဆိုပါ မြေနေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၆ ခုနှစ်ကတည်းက နောင် ပြည်ခိုင်ဖြိုးပါတီ ဖြစ်လာမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပရဟိတလုပ်ငန်းများနှင့် လူမှုအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အိုးအိမ်ဌာနမှ သုံးနှစ် ယာယီငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

“သူကလည်းပဲ ပြည်သူအကျိုးပြု လုပ်ငန်းလုပ်မယ့်အစား စီးပွားရေးလုပ်ငန်းတွေကို အဆင့်ဆင့် ငှားစားခဲ့တယ်ပေါ့နော်။ နောက်ဆုံးကျတော့ ဒီအသင်းကလည်းပဲ ပါတီအဖြစ် ပြောင်းလဲသွားပြီ ဖြစ်တယ်။ ဒါက ချထားပေးတဲ့မူနဲ့လည်း မညီတော့ဘူး။ နောက်တစ်ခါ အခွန်အခအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ထုံးစံအတိုင်းဆို သုံးနှစ် ယာယီပြီးရင် ပြန်လျှောက်ရမှာပေါ့။ လျှောက်ထားခြင်းလည်း မရှိဘူးပေါ့။ အဲဒါ အစစအရာရာ လုပ်ဆောင်ချက်တွေက လွဲမှားနေတဲ့အတွက် သူချပေးထားတဲ့ မြေအသုံးပြုခွင့်ကို ပြန်လည် ရုတ်သိမ်းပြီး အစိုးရပိုင်အဖြစ် ပြန်လည်ရယူတာပေါ့” ဟု ဦးရွှေလှဝင်းက ပြောသည်။  

သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV မြေနေရာကို အစိုးရအနေဖြင့် ပြည်သူပိုင်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ ဦးရွှေလှဝင်းက ဒီဇင်ဘာ ၁ ရက်နေ့တွင် စာပို့မေးမြန်းခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက နိုင်ငံတော်ပိုင်အဖြစ် ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အသင်းစတင် တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူ ပါတီပူးတွဲ ဥက္ကဋ္ဌဟောင်း ဦးဌေးဦးကိုသာ မေးမြန်းရန် ပြောသည်။   

ထို့ကြောင့် ပါတီပူးတွဲ ဥက္ကဋ္ဌဟောင်း ဦးဌေးဦးကို ဆက်သွယ်ရန် မဇ္ဈိမမှ ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။  

အဆိုပါမြေနေရာတွင် KTV လုပ်ငန်း လုပ်ကိုင်နေသော်လည်း အသုံးပြုခွင့်ရသူက လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေအသုံးပြုခွင့် ထပ်တိုးတောင်းခံခဲ့၍ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးပေးခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။  

“အဓိကတော့ မြေအသုံးပြုခွင့်ကို ယာယီအသုံးပြုခွင့်ပဲ ပေးတာ။ အပေါ်က လုပ်ငန်းအသုံးပြုခွင့်ကို ပြုတာက သက်ဆိုင်ရာဌာနတွေနဲ့ ဆိုင်တယ်ဗျ။ ဥပမာပေါ့ဗျာ၊ သူတို့သုံးနေတဲ့ ကာရာအိုကေမျိုးဆို ခွင့်ပြုမိန့်ချတဲ့ဌာနက ပေးတာပေါ့။ နောက်ထပ် စည်ပင်ဆိုလည်း စည်ပင်ဥပဒေနဲ့ သွားတာပေါ့။ ကျွန်တော်တို့ကတော့ မြေသတ်သတ်ပေါ့နော်” ဟု ဆိုသည်။  

သို့သော်လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့တော်စည်ပင်တို့ကမူ KTV လိုင်စင်ကို ချပေးထားခြင်းမရှိဟု ငြင်းဆိုသည်။  

KTV များ ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ တိတိကျကျ ဥပဒေသတ်မှတ်ထားခြင်း မရှိ၍ ဥပဒေပြဌာန်းရန် လိုအပ်နေပြီဟုလည်း စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ထောက်ပြသည်။  

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့က လွှတ်တော်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီက လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်သက်တမ်းအား လိုင်စင်ခွင့်ပြုထားသည့်နေ့မှ စတင်၍ တစ်နှစ် သတ်မှတ်ထားသည်” ဟု ပြောကြားခဲ့သည်။  

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့မေးမြန်းရန် မဇ္ဈိမမှ ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိသေးပေ။  

မည်သို့ပင်ဆိုစေကာမူ အဆိုပါ မြေနေရာတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ်များမှ ပြန်လည် ကြိုးပမ်းကြမည်ဟုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။  

လက်ရှိတွင် လူပေါင်းရာချီ COVID-19 ကူးစက်စေခဲ့မှုကြောင့် ကိုဗစ်ကာလအတွင်း ဖွင့်လှစ်ခဲ့သည့် Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနှင့် ဆိုင်မန်နေဂျာတို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆို အမှုစစ်ဆေးနေဆဲ ဖြစ်သည်။   

မြေနေရာကိစ္စနှင့် ပက်သက်၍ အမှုထပ်မံဖွင့်လှစ်၍ ရ၊ မရကို ဦးရွှေလှဝင်းက “ဒီတိုင်းပဲ မြေနေရာ ပြန်ယူလိုက်ရင် ပြီးပြီပေါ့နော်။ သူတို့ကိုတော့ ကိုဗစ်ဥပဒေအရ တရားစွဲထားတာလေ။ တရားစွဲတဲ့အပိုင်းကိုတော့ တရားစွဲတဲ့အပိုင်းက ဆက်လုပ်မှာပေါ့။ မြေကိစ္စအပိုင်းကတော့ ဌာနက ဆက်လုပ်မှာပေါ့နော်” ဟု ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly