ပါလီမန်အား ဖျက်သိမ်းရန် နီပေါဝန်ကြီးချုပ် အိုလီ၏ ဆုံးဖြတ်ချက်ကြောင့်  ဝန်ကြီး ၇ ဦး ရာထူးမှ နှုတ်ထွက်

 ပါလီမန်အား ဖျက်သိမ်းရန် နီပေါဝန်ကြီးချုပ် အိုလီ၏ ဆုံးဖြတ်ချက်ကြောင့်  ဝန်ကြီး ၇ ဦး ရာထူးမှ နှုတ်ထွက်

ဒီဇင်ဘာ ၂၅

ပါလီမန်အား ဖျက်သိမ်းရန် ဝန်ကြီးချုပ် ကေ၊ပီ၊ ရှာမာ အိုလီ၏ အဆိုတင်သွင်းချက်အား နီပေါသမ္မတ ဘီဒီယာဒေဗီဘန်ဒါရီမှ အတည်ပြုအပြီး ရွေးကောက်ပွဲ နေ့ရက်များအား ကြေငြာပြီး နာရီအနည်းငယ်အကြာတွင် အစိုးရအဖွဲ့ဝန်ကြီး ၇ ဦးသည် ရာထူးမှ နှုတ်ထွက်စာ တင်ခဲ့ကြသည်။
 
နှုတ်ထွက်စာတင်ခဲ့ကြသော ဝန်ကြီး ၇ဦးမှာ စွမ်းအင်ဝန်ကြီး ဘာရှာမန်ပွန်၊ သစ်တောနှင့် မြေဆီလွှာထိန်းသိမ်းရေးဝန်ကြီး ရှာကစ်ဘက်နက်၊ ပညာရေးဝန်ကြီး ဂီရီရာမဏီပိုဟာရယ်လ်၊ အလုပ်သမားဝန်ကြီး ရာမီရှဝါရေးရာဒဖ်၊ သောက်သုံးရေ ဝန်ကြီး ဘီနာမာဂါ၊ စိုက်ပျိုးရေးဝန်ကြီး ဂါနာရှယမ်ယူဆယ်လ်နှင့် ခရီးသွားလာရေးဝန်ကြီး ရီဂတ်ရှ်ဘာတာအီ တို့ဖြစ်သည်။

 တစ်ချိန်တည်းတွင် ကသ်မန်ဒူတွင် သူတို့၏ နှုတ်ထွက်မှုကို တောင်းဆိုသော ဆန္ဒပြမှုများလည်း ပေါ်ပေါက်လျက်ရှိသည်။

အတိုက်အခံနှင့် အာဏာရပါတီ၏ အုပ်စုများသည် ပါလီမန်အား ဖျက်သိမ်းခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီဟုဆိုကာ လမ်းများတွင် စုဝေးခဲ့ကြသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။ ဆန္ဒပြသူများသည် ဝန်ကြီးချုပ်နှင့် သမ္မတတို့အား နှုတ်ထွက်ရန် တောင်းဆိုနေကြသည်။
ယမန်နေ့အစောပိုင်းတွင် သမ္မတရုံးမှ ထုတ်ပြန်ချက်အရ “နီပေါသမ္မတသည် ဝန်ကြီးချုပ် ကေပီရှာမာအိုလီမှ တင်သွင်းသော ပါလီမန်ဖျက်သိမ်းရေး အဆိုပြုလွှာအား အတည်ပြုလိုက်သည်”ဟု သိရသည်။

 ဝန်ကြီးများကောင်စီ၏ အကြံပေးချက်များအရ သမ္မတသည် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအား ၂၀၂၁ ဧပြီလ ၃၀ နှင့် မေလ ၁၀ တို့တွင် ကျင်းပသွားမည်ဟု ကြေငြာခဲ့သည်။ ဝန်ကြီးချုပ် အိုလီသည် စနေနေ့တွင် ပါတီခေါင်းဆောင်ပိုင်းများ၊ ဝန်ကြီးများနှင့် အစည်းအဝေးများစွာ ပြုလုပ်ခဲ့အပြီး ဝန်ကြီးများ ကောင်စီအား အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် ၎င်းထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတ ဘီဒီရာဒေဗီဘန်ဒါရီမှ အတည်ပြုခဲ့ကာ ဝန်ကြီးချုပ်အိုလီက အင်္ဂါနေ့တွင် ပြဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံကောင်စီအက်ဥပဒေနှင့် စပ်လျဉ်းသည့် ထုံးစံအား ဖျက်သိမ်းရန် ဖိအားပေးခံနေရသည်။ နီပေါဝန်ကြီးချုပ်သည် ဝန်ကြီးချုပ်ဟောင်းများဖြစ်သော ပွတ်ရှ်ပါကာမယ်လ်ဒါဟဲလ်နှင့် မာဒေ့နီပေါတို့မှ ဦးဆောင်သော NCP ပြိုင်ဘက် အဖွဲ့မှ ဖိအားများနှင့်လည်း ရင်ဆိုင်နေရသည်။ ယမန်နေ့အစောပိုင်းတွင် အရေးကိစ္စနှင့် ပတ်သတ်၍ စောလျင်စွာ သတင်းရနိုင်ရန် ပရာချန်ဒါသည် ဝန်ကြီးချုပ်နေအိမ်သို့ သွားရောက်ခဲ့သည်။ သို့ရာတွင် ဝန်ကြီးချုပ်သည် “ယနေ့ ပြင်းပြင်းထန်ထန် အရေးယူမည်” မှ လွဲ၍ ဘာမျှ သိပ်မပြောခဲ့ပေ။

အိုလီဦးဆောင်သော အစိုးရ၏ နောက်ဆုံးခြေလှမ်းသည် အာဏာရပါတီအတွင်း သဘောထားကွဲလွဲမှုများနှင့် နီပေါသမိုင်းတစ်လျောက် အောက်လွှတ်တော်အား အကြာမြင့်ဆုံး ရပ်ဆိုင်းထားမှုများ ရှိနေသည့်အကြား လုပ်ဆောင်ခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အောက်လွှတ်တော်ဖျက်သိမ်းခြင်းအတွက် ပြဌာန်းချက်မရှိသောကြောင့် ထိုလှုရှားမှုသည် တရားရုံးတွင် စိန်ခေါ်စရာဖြစ်လာနိုင်ချေရှိသည်။

တစ်ဆက်တည်းတွင် အစိုးရဝန်ကြီးများအဖွဲ့သည် ပါလီမန်အားဖျက်သိမ်းရန် အဆိုပြုချက်အား သမ္မတထံ တင်သွင်းထားသည်။ ပုံမှန်အားဖြင့် ထိုအရေးများအား ဝန်ကြီးချုပ်သည် သမ္မတအား ကြိုတင် အသိပေး ဆွေးနွေးထားရမည်ဖြစ်သည်။ ထို့ကြောင့် သမ္မတသည် ပါလီမန် ဖျက်သိမ်းခြင်းအား အတည်ပြုရမည်ဖြစ်သည်။

 ၎င်းသည် ပရာခန်ဒရာနှင့် မာဒေ့နီပေါတို့ထံမှ ပြင်းထန်သော ကန့်ကွက်မှုများအား ဖြစ်စေနိုင်ကာ သူတို့သည် ဆန္ဒပြပွဲများ ပြုလုပ်နိုင်ချေရှိပြီး တရားရုံးချုပ်တွင် ဝန်ကြီးချုပ် အိုလီ၏ ရာထူးအား စိန်ခေါ်နိုင်သည့် တရားစွဲဆိုခြင်းများပင် ပြုလုပ်နိုင်သည်။ ဆုံးဖြတ်ချက်အား အတည်ပြုပြီးနောက် အာဏာရ နီပေါကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နာရာရန်ကာဂျီ ရှရက်သာက ၎င်းသည် ဒီမိုကရေစီမဆန်ဟု တုံ့ပြန်ခဲ့သည်။

“အခုလေးပဲ အကြံပေးချက်နဲ့ ပတ်သတ်ပြီးသိရတယ်။ ဒီမနက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးအားလုံး မတက်ရောက်ခဲ့တာကြောင့် ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချခဲ့တယ်။ ဒါက ဒီမိုကရေစီ စံနှုန်းနဲ့ ဆန့်ကျင်နေပြီးတော့ နိုင်ငံကို နောက်ပြန်‌ရောက်စေမှာ ဖြစ်လို့ အကောင်အထည် မဖော်သင့်ဘူး”ဟု အာဏာရ နီပေါကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နာရာရန်ကာဂျီ ရှရက်သာက ANI ကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly