တရုတ်သည် မွတ်စလင်များအား ခြေရာခံနေသည်နှင့် အလီဘာဘာကလည်း သူတို့လည်း လုပ်ဆောင်နိုင်ကြောင်း ဖောက်သည်များအား ပြသ

တရုတ်သည် မွတ်စလင်များအား ခြေရာခံနေသည်နှင့် အလီဘာဘာကလည်း သူတို့လည်း လုပ်ဆောင်နိုင်ကြောင်း ဖောက်သည်များအား ပြသ

ဒီဇင်ဘာ ၂၄ ၊ ၂၀၂၀

တရုတ်အစိုးရသည် အဓိကနေထိုင်သူ မွတ်စလင်လူနည်းစုများအား ခြေရာခံကာ ညှင်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေသလို နည်းပညာကုမ္ပဏီကြီးဖြစ်သူ အလီဘာဘာသည်လည်း သူတို့သည်လည်း တစ်စိတ်တစ်ပိုင်းမှ ပါဝင်နိုင်ကြောင်း ကော်ပိုရိတ်ဖောက်သည်များအား ပြသခဲ့သည်။
 
အလီဘာဘာ၏ cloud computing စီးပွားရေး ဝက်ဘ်ဆိုက်တွင် ဖောက်သည်များအနေဖြင့် ရုပ်ပုံများနှင့် ဗီဒီယိုများရှိ ဝီဂါများနှင့် အခြားတိုင်းရင်းသား လူနည်းစုတို့၏ မျက်နှာအား ရှာဖွေရန် ၎င်း၏ ဆော့ဖ်ဝဲလ်အား အသုံးပြုနိုင်ကြောင်း ပြသခဲ့သည်ဟု စောင့်ကြည့်ရေးနယ်ပယ်ထုတ်ဝေမှု IPVM မှ ရှာဖွေတွေ့ရှိခဲ့ပြီး The New York Times နှင့် မျှဝေခဲ့သော ဝက်ဘ်ဆိုက်စာမျက်နှာများအရ သိရသည်။

ဝက်ဘ်ပလက်ဖောင်းအား အကြမ်းဖက်မှု၊ ညစ်ညမ်းရုပ်ပုံများနှင့် အခြားတားမြစ်ထားသော ကဏ္ဍများနှင့် သက်ဆိုင်သော ဒီဂျစ်တယ်အကြောင်းအရာများအား စောင့်ကြည့်ရန် အထောက်အပံ့ဖြစ်စေမည့် အင်္ဂါရပ်အား အလီဘာဘာဆော့ဖ်ဝဲလ်တွင် ထည့်သွင်းထားကြောင်း ဝက်ဘ်ဆိုက်အရ သိရသည်။

အဆိုပါတွေ့ရှိမှုသည် ကမ္ဘာ့ဈေးအမြင့်ဆုံးအင်တာနက်ကုမ္ပဏီများထဲမှ တစ်ခုအား တရုတ်၏ မွတ်စလင်လူနည်းစုများအပေါ် ဆက်ဆံမှုနှင့်ပတ်သက်၍ နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကြားညပ်စေသည်။

တရုတ်အစိုးရသည် အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာထောင်ချီသော ဝီဂါများနှင့် အခြားသူတို့အား ပြုပြင်ရေးစခန်းများထံသို့ ပို့ဆောင်ခဲ့သည်။ ၎င်းသည် သူတို့အား စောင့်ကြည့်ရန် မျက်နှာအသိအမှတ်ပြုခြင်းနှင့် မျိုးဗီဇ စမ်းသပ်မှုများအား အသုံးပြုကာ စောင့်ကြည့်ရေးပိုက်ကွန်အားလည်း ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသည်။  အမေရိကန်ပြည်ထောင်စု အစိုးရသည် တရုတ်၏ အဆိုပါစီမံဆောင်ရွက်မှုအား ရှုတ်ချခဲ့ပြီး ပါဝင်ပတ်သတ်သည်ဟု ယူဆရသော တရုတ်ကုမ္ပဏီများအား အပြစ်ပေးခဲ့သည်။
 
အလီဘာဘာ၏ ဖောက်သည်များအနေဖြင့် လူနည်းစု ရှာဖွေရေးကိရိယာအား အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ သို့မဟုတ် မည်သို့အသုံးပြုခဲ့ခြင်းကိုမူ မဆုံးဖြတ်နိုင်ပေ။ သို့သော် အသုံးပြုနိုင်ချေ အလားအလာမှာ မြင့်မားလျက်ရှိသည်။ ဥပမာအားဖြင့် လူမှုကွန်ယက်ပလက်ဖောင်းတွင် ဆော့ဖ်ဝဲလ်သည် ဝီဂါဟု ယူဆရသော သူများပါဝင်ကြောင်း တွေ့ရှိပါက အပိုဆောင်း စစ်ဆေးရန် ဗီဒီယိုများအား အလိုအလျောက်ပြသနိုင်ပြီး အာဏာပိုင်များကိုပင် အကြောင်း ကြားနိုင်သည်။

ယခုတစ်ပတ်တွင် The Times မှ အလီဘာဘာအား ကိရိယာနှင့် ပတ်သတ်၍ မေးမြန်းခဲ့ပြီးနောက် ကုမ္ပဏီသည် ဝီဂါနှင့် လူနည်းစု မျက်နှာများအား ရည်ညွှန်းချက်အား ဖယ်ရှားရန် ဝက်ဘ်ဆိုက်အား ပြင်ဆင်ခဲ့သည်။

“လူမျိုးစုဖော်ပြချက်က ကျွန်တော်တို့ နည်းပညာစွမ်းဆောင်ရည်ကို ရှာဖွေနေတဲ့ ကာလအတွင်း စမ်းသပ် ပတ်ဝန်းကျင်မှာ သုံးခဲ့တဲ့ လုပ်ဆောင်ချက်ပါ။ စမ်းသပ် ပတ်ဝန်းကျင် ပြင်ပမှာ တစ်ခါမှ အသုံးအပြုခဲ့ဘူး”ဟု အလီဘာဘာ Cloud ကိုယ်စားလှယ်က ရေးသားထားသော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကုမ္ပဏီသည် အင်္ဂါရပ်နှင့် ပတ်သတ်သော သတင်းအချက်အလက်သည် ဆော့ဝဲလ်၏ တရားဝင်စာရွက်စာတမ်းတွင် ဘာကြောင့်ပါဝင်နေသည့်အကြောင်းကိုမူ ပြောရန် ငြင်းဆန်ခဲ့သည်။ အဘယ်ကြောင့် ၎င်းသည် တိုင်းရင် းသား လူနည်းစု မျက်နှာများအား ရှာဖွေရန် စမ်းသပ်ပစ္စည်းဖြစ်ခဲ့ကြောင်းနဲ့ ပတ်သတ်၍ ပြောဆိုရန်လည်း ငြင်းဆန်ခဲ့သည်။

ဆောင်းပါးထုတ်ဝေပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင် အလီဘာဘာသည် သူ၏ ထုတ်ကုန်မှ ‘မည်သည့်တိုင်းရင်းသားအမှတ်အသားကိုမဆို’ ဖယ်ထုတ်ခဲ့ကြောင်းနဲ့ ၎င်း၏ cloud ဌာနခွဲသည် လူနည်းစုထောက်လှမ်ရေးအင်္ဂါရပ်အား တီထွင်ခဲ့သည်ကို သိရသည့်အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

“သတ်သတ်မှတ်မှတ် တိုင်းရင်းသားတွေကို ပစ်မှတ်ထားဖို့ ကျွန်တော်တို့ နည်းပညာကို အသုံးပြုဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”ဟု ကြေညာချက်တွင် ပါရှိသည်။

အလီဘာဘာသည် ကမ္ဘာတစ်ဝှမ်းရောက်ရှိသော တရုတ်ကော်ပိုရိတ် ကုမ္ပဏီကြီးဖြစ်သည်။ ၎င်းသည် ထောက်ပံ့ပို့ဆောင်ရေး၊ အစားအသောက်၊ အုတ်နှင့် မော်တာ လက်လီနှင့် cloud ဝန်ဆောင်မှုများအား ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းအကြီးစား အမေဇုန်၏ တစ်ဦးတည်းသော ကမ္ဘာ့ပြိုင်ဘက်ဖြစ်နိုင်သည်။

အလီဘာဘာသည် နယူးယောက်စတော့အိတ်ချိန်းတွင် ကုန်သွယ်ရေးတွင် ရှယ်ရာပါရှိပြီး အဓိက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်သည်။ Nike, Starbucks နှင့် Ralph Lauren ကဲ့သို့ ကမ္ဘာ့တံဆိပ်ကြီးများသည် တရုတ်ဈေးဝယ်သူများအား ရောင်းချရန် ၎င်း၏ ပလက်ဖောင်းအား အသုံးပြုကြသည်။ အလီဘာဘာသည် အိုလံပစ်ကစားပွဲများ၏ တရားဝင် cloud ဝန်ဆောင်မှု ပါတနာဖြစ်သည်။

သို့ရာတွင် ထရမ့်အစိုးရသည် တရုတ်နည်းပညာကုမ္ပဏီများ အထူးသဖြင့် ဝီဂါများ၏ နေရပ်ဖြစ်သော တရုတ်အနောက်ပိုင်းဒေသ ရှင်ကျန်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်နေသည်ဟု ယူဆရသော ကုမ္ပဏီများအပေါ် ပိုမိုတိုးလာသော သံသယများဖြင့် စောင့်ကြည့်နေသည်။

ပြီးခဲ့သောနှစ်တွင် အစိုးရသည် စောင့်ကြည့်ပစ္စည်း နှင့် ဉာဏ်ရည်တု ကုမ္ပဏီများအပါအဝင် ကုမ္ပဏီ ၂၈ ခုအား ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သည့် သူတို့၏ ကဏ္ဍကြောင့် ကုန်သွယ်ရေးနာမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။ ပြီးခဲ့သောလတွင် အိမ်ဖြူတော်သည် အမေရိကန်အရင်းအနှီးဈေးကွက်အတွင်းသို့ တရုတ်စီးပွားရေးများ၏ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေရန် အမေရိကန်နိုင်ငံသားများအား တရုတ်စစ်တပ်နှင့် ဆက်ဆံရေးများရှိသော ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်းအား တားမြစ်ခဲ့သည်။

တရုတ်အရာရှိများက ရှင်ကျန်းရှိ လုပ်ဆောင်မှုများသည် အစွန်းရောက်ဝါဒအား တိုက်ထုတ်ရန် နည်းလမ်းဖြစ်သည်ဟု ခုခံပြောဆိုခဲ့သည်။ သူတို့သည် အမေရိကန် အရာရှိများ၏ ပြစ်တင်ဝေဖန်မှုကို သွေဖည်စေရန် အမေရိကန်ရှိ လူမျိုးရေးတင်းမာမှုများအား ထောက်ပြခဲ့ကြသည်။
 
စောင့်ကြည့်ရေးနည်းပညာသည် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများအတွက် လွန်စွာ အရေးပါသည်။ နိုင်ငံလူဦးရေ၏ အများစုသည် ဟန်လူမျိုးစုဖြစ်သည်။ သို့ရာတွင် အခြားသော တိုင်းရင်းသားများသည် ဟန်လူမျိုးများနှင့် ကွဲပြားနေခြင်းသည် ဆော့ဖ်ဝဲလ်အနေဖြင့် ၎င်းတို့အား စစ်ထုတ်ရန် ပိုမို လွယ်ကူစေသည်။

အခြားသော တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သာ ဟွာဝေးသည် စောင့်ကြည့်ကင်မရာများမှ ဝီဂါမျက်နှာများအား တွေ့ရှိပါက ရဲတပ်ဖွဲ့အား အလိုအလျောက် အကြောင်းကြားနိုင်သော ဆော့ဖ်ဝဲလ်အား စမ်းသပ်ခဲ့သည်ဟု Washington Post ပြီးခဲ့သောအပတ်တွင် တင်ပြခဲ့သည်။ ဟွာဝေးဟ ဝက်ဘ်ဆိုဒ်တွင် တွေ့ရှိခဲ့သော စာရွက်စာတမ်းအား ရည်ညွှန်းထားသော ထိုတင်ပြချက်ကြောင့် ပြင်သစ်ဘောလုံးအကျော်မော် အန်တိုနီ ဂရစ်ဇ်မန်းအား

ကုမ္ပဏီနှင့် ဆက်ဆံရေး ပြတ်တောက်စေခဲ့သည်။ သူသည် ဟွာဝေးစမတ်ဖုန်းများအတွက် ကုန်အမှတ်တံဆိပ် သံအမတ်ဖြစ်ခဲ့သည်။

အဆိုပါကိရိယာသည် ‘စမ်းသပ်မှုတစ်ခုသာ’ဖြစ်ကြောင်း ဟွာဝေး၏ ပြောရေးဆိုခွင့်ရှိသူက The Post သို့ ပြောကြားခဲ့သည်။

မျက်နှာအသိအမှတ်ပြုနည်းပညာသည် နေရာများစွာတွင် ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများစွာ ပေါ်ပေါက်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် မတိကျမှုနှင့် ဘက်လိုက်မှုအလားအလာကြောင့် ဒေသခံအစိုးရများသည် ဥပဒေစိုးမိုးရေး ရည်ရွယ်ချက်များနှင့် နည်းပညာ၏ အသုံးပြုမှုအား ပိတ်ပင်ခဲ့ရသည်။ ယခုနှစ်အတွင်း အမေဇုန်သည် ဥပဒေပြုအမတ်များအနေဖြင့် ပိုမို ပြင်းထန်သော စည်းမျဉ်းများအား စဉ်းစားစေနိုင်ရန် ရဲဌာနများအား

၎င်း၏မျက်နှာအသိအမှတ်ပြု ဝန်ဆောင်မှုအား အသုံးပြုခွင့်ပေးထားခြင်းအား တစ်နှစ်ခန့် ရပ်ဆိုင်းခဲ့သည်။

တရုတ်တွင် နည်းပညာအား အသုံးချခြင်းနည်းလမ်းများသည် ပိုမိုပြင်းထန်သော မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယခုတစ်ပတ် မတိုင်မီတွင် အလီဘာဘာ ဝက်ဘ်ဆိုက်သည် ဝီဂါများနှင့် အခြားလူနည်းစု၏ မျက်နှာများအား ဖော်ထုတ်ရန် ကိရိယာများသည် ၎င်း၏ လုံခြုံရေး ဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုဝန်ဆောင်မှုသည် အလီဘာဘာ၏ cloud ဖောက်သည်များအား သူတို့၏ ဒီဂျစ်တယ်ပလက်ဖောင်းသို့ တင်လာသော ပုံများ၊ ဗီဒီယိုများ၊ စာနှင့် စာရါက်စာတမ်းများအကြား အန္တရာယ်ရှိလာနိုင်သော အရာများအား စစ်ထုတ်နိုင်ရန် ကူညီပေးသည်။

“နေ့စဉ်နဲ့အမျှ အစိုးရ စည်းမျဉ်းတွေက ပိုပြီးတင်းကြပ်လာတာနဲ့အမျှ ဒါတွေက ဝက်ဘ်ဆိုက်တွေ ပလက်ဖောင်းတွေ အကုန်လုံးက အရေးတကြီး ကိုင်တွယ်ပြီး လေးလေးနက်နက် စီမံခန့်ခွဲရမယ့် ဟာတွေဖြစ်တယ်”ဟု အလီဘာဘာ၏ ဝက်ဘ်ဆိုက်တွင် ဖြေရှင်းထားသည်။ ကုမ္ပဏီသည် တရုတ်၏ ဦးဆောင်လျက်ရှိသော cloud ဝန်ဆောင်မှုများ ထောက်ပံ့သူနှင့် တရုတ်တွင် အွန်လိုင်းလုပ်ဆောင်မှုများရှိသော နိုင်ငံတကာ ကုမ္ပဏီများ၏ ပါတနာဖြစ်သည်။

လုံခြုံရေးဝန်ဆောင်မှုသည် ပုံရိပ်သေများနှင့် ဗီဒီယိုများအား အသုံးပြုကာ “အထိခိုက်မခံသော လူများ၏ မျက်နှာအသိအမှတ်ပြုခြင်း”အား လုပ်ဆောင်နိုင်သည်ဟု အလီဘာဘာ၏ ဝက်ဘ်ဆိုက်အရ သိရသည်။ မျက်နှာပုံ တစ်ခုရပါက ဆော့ဖ်ဝဲလ်သည် လူတစ်ဦးသည် မျက်မှန် ဝတ်ထားခြင်း ဖြစ်ဖြစ် ပြုံးနေသည် ဖြစ်ဖြစ် ဝိသေသလက္ခဏာများအား ရှာဖွေနိုင်သည်ဟု ဝက်ဘ်ဆိုက်၏ ဖော်ပြချက်တွင် ပါရှိသည်။

အလီဘာဘာသည် ထိုဖော်ပြချက်များအား ယခုအပတ်တွင် မပြင်ဆင်ခင်တွင် ဆော့ဖ်ဝဲလ်သည် လူတစ်ဦးသည် အာရှနွယ်ဖွား ဟုတ်မဟုတ်နှင့် အခြားစာမျက်နှာတွင် ဝီဂါများကို ရည်ညွှန်းထားသော လူနည်းစုဝင် ဟုတ်၊ မဟုတ် စသော အခြားဝိသေသလက္ခဏာ နှစ်ခုအား ရှာဖွေနိုင်သည်ဟု ပါရှိသည်။

တူညီသော ဆော့ဖ်ဝဲလ်အတွက် အင်္ဂလိပ်ဘာသာနှင့် ရေးသားထားသော ကုမ္ပဏီ၏ အွန်လိုင်း စာရွက်စာတမ်းတွင် တိုင်းရင်းသားလူနည်းစုများအကြောင်း ရည်ညွှန်းထားခြင်းမရှိဘဲ ၎င်းသည် တရုတ်ဖောက်သည်များ၏ အသုံးပြုချက်အတွက်သာ မူလရည်ရွယ်ကြောင်း ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။

တရုတ်တွင် အလိုအလျောက် လူမျိုးရေးခွဲခြားရေးဆိုင်ရာ ကိရိယာကို ကြော်ငြာခဲ့သည်မှာ အလီဘာဘာတစ်ခုတည်း မဟုတ်ပေ။ အခြား တရုတ် cloud ထောက်ပံ့သူ Kingsoft Cloud သည်လည်း အခြားဝိသေသ လက္ခဏာများအနက် ပုံရိပ်အား အသုံးပြု၍ လူမျိုးအား ခန့်မှန်းနိုင်သော နည်းပညာအား သူ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

IPVM မှ တွေ့ရှိခဲ့ပြီး The Times နှင့် မျှဝေခဲ့သော Kingsoft Cloud ဝက်ဘ်ဆိုက်မှ စာမျက်နှာနှင့် စာရွက်စာတမ်းတစ်ခုအရ ကုမ္ပဏီ၏ ဆော့ဖ်ဝဲလ်သည် လူတစ်ဦးသည် ဝီဂါ ဟုတ်၊ မဟုတ်ကို အကဲဖြတ်နိုင်ကြောင်း သိရသည်။

The Times မှ Kingsoft Cloud အား ဆော့ဖ်ဝဲလ်အကြောင်း မေးမြန်းခဲ့ပြီးသည့်နောက်တွင် ကုမ္ပဏီသည် ထိုစာမျက်နှာများအား ၎င်း၏ ဝက်ဘ်ဆိုက်မှ ဖြုတ်ချခဲ့သည်။ ရေးသားထားသော ထုတ်ပြန်ကြေညာချက်တွင် မေးခွန်းတွင် ပါရှိသော ကိရိယာအား ဖောက်သည်များအား ရောင်းချခဲ့ခြင်းမရှိကြောင်းနှင့် ၎င်းသည် ဝီဂါမျက်နှာများအား ပိုင်းခြားရန် မလုပ်ဆောင်နိုင်ကြောင်း ပါရှိသည်။

ထိုဆော့ဖ်ဝဲလ်သည် ကုမ္ပဏီ၏ အတွင်းပိုင်းပြန်လည်သုံးသပ်ရေး အဆင့်များအား ဖြတ်ကျော်ခဲ့ပြီး ကုမ္ပဏီအနေဖြင့် သင့်လျော်သော ကြီးကြပ်မှုသေချာစေရန် ထိုယန္တရားများအား အကဲဖြတ်နေကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

“မည်သည့်လူမျိုးအပေါ် တံဆိပ်ကပ်ခြင်းက Kingsoft Cloud ရဲ့ မူဝါဒတွေ တန်ဖိုးထားမှုတွေနဲ့ မသင့်လျော် မကိုက်ညီဘူး။ ကျွန်တော်တို့ထုတ်ကုန်တွေမှာ ဘယ်တိုင်းရင်းသားမှ သတ်မှတ် တံဆိပ်ကပ်ဖို့ ကြိုးစားမှာမဟုတ်ဘူး”ဟု ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

Kingsoft Cloud သည် Nasdaq စတော့အိတ်ချိန်းတွင် စာရင်းဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly