အာရှဒေသအတွက် အဖိုးနှုန်းသက်သာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောင်းချရန် အိန္ဒိယ ရည်မှန်း

အာရှဒေသအတွက် အဖိုးနှုန်းသက်သာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောင်းချရန် အိန္ဒိယ ရည်မှန်း

ဒီဇင်ဘာ ၂၄

လူဦးရေ ၁ ဒသမ ၃ ဘီလီယံခန့် ရှိသော အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူ့အသိုက်အ၀န်းကြီး ကပ်ရောဂါကို တွန်းလှန်ပယ်ရှားရာတွင် ကူညီရန် အလို့ငှာ လုံလောက်မှု ရှိမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်ရန် ရည်မှန်းနေသည်။

အနောက်အုပ်စု ကာကွယ်ဆေးထုတ်လုပ်သူများထက် ပိုမိုဈေးပေါစွာဖြင့် ကာကွယ်ဆေးများကို ထုတ်လုပ်နိုင်သော အိန္ဒိယနှင့် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကာတာ၊ ဘူတန်၊ ဆွစ်ဇာလန် ၊ ဘာရိန်း၊ သြစတြီးယား နှင့် တောင်ကိုရီးယားတို့က ထုတ်ဖော်ထားကြသည်။ 

အိန္ဒိယသည် အတော်အတန် ပူနွေးသော အပူချိန်များကို ခံနိုင်မှု ပိုရှိသည် ဟု ဆိုသော mRNA ကာကွယ်ဆေးတစ်ခုနှင့် ပတ်သက်၍ လုပ်ဆောင်လျက် ရှိသည်။

အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာ မိုဒီနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ် ဟာစီနာ တို့ ပြီးခဲ့သည့်အပတ်က အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ပူးတွဲထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ခဲ့ရာ အိန္ဒိယတွင် ကာကွယ်ဆေးများ  ထုတ်လုပ်သည့်အခါ ဘင်္ဂလားဒေ့ရ်ှအတွက် ရရှိစေရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း မိုဒီက အာမခံခဲ့သည်ဟု သိရသည်။

အလားတူ အနီးဝန်းကျင်ဒေသရှိ အခြားသောနိုင်ငံများကလည်း ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ထုတ်လုပ်သူဖြစ်သည့် အိန္ဒိယကို ကြည့်နေကြသည်။ 

အိန္ဒိယတွင် မတူညီသော လက်တွေ့စမ်းသပ်မှု အဆင့်များတွင် ရှိနေသည့် စမ်းသပ်ကာကွယ်ဆေး ခြောက်ခု ရှိနေသည်။ ယင်းတို့ထဲတွင် နိုင်ငံပိုင် အိန္ဒိယ ဆေးဘက်ဆိုင်ရာ သုတေသန ကောင်စီနှင့်အတူပူးပေါင်းပြီး ဟိုက်ဒါရာဘတ် အခြေစိုက် Bharat Biotech က ထုတ်လုပ်နေသော ပထမဆုံး ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covaxin နှင့် အိန္ဒိယ ဆီရမ် အင်စတီကျူ့က ထုတ်လုပ်မှု ပါတနာဖြင့် ဆောင်ရွက်နေသည့် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ဆေးကုမ္ပဏီ အက်စထရာဇနကာ တို့၏ Covishield တို့ ပါဝင်သည်။ ရုရှား၏ Sputnik V ကာကွယ်ဆေး စမ်းသပ်မှုများကိုလည်း Dr. Reddy’s Laboratories ကုမ္ပဏီနှင့် ပူးပေါင်းလျက် စတင်နေခဲ့ပြီဖြစ်သည်။

နိုင်ငံ၏ ကာကွယ်ဆေး ထုတ်လုပ်မှု ဆိုင်ရာ အားထုတ်မှုများကို တက်တက်ကြွကြွ စောင့်ကြည့်နေသည့် မိုဒီက ပြောကြားရာတွင် အိန္ဒိယအနေဖြင့် ကမ္ဘာကြီးကို ကပ်ရောဂါကနေ ရုန်းထွက်နိုင်အောင် ကူညီပေးရန် အသင့်ရှိကြောင်း ထုတ်ဖော်ထားခဲ့သည်။ 

အိန္ဒိယ၏ ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု လုပ်နိုင်စွမ်းကို လူသားအားလုံးအတွက် ကပ်ရောဂါ အကျပ်အတည်း တိုက်ဖျက်ရေးကို ကူညီရာတွင် အသုံးပြုမည်ဖြစ်ကြောင်း စက်တင်ဘာလကုန်ပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံသို့  ပြောကြားသော မိန့်ခွန်းတစ်ရပ်ထဲတွင် မိုဒီက ပြောခဲ့သည်။

သို့သော် အိန္ဒိယတွင်လည်း ကြုံတွေ့နေရသည့် ကပ်ရောဂါအခြေအနေကြောင့် မိုဒီ အစိုးရအတွက် အိမ်နီးချင်းများထံ ကာကွယ်ဆေးများ ဖြန့်ချိမှုပိုင်းအပေါ် အပြည့်အ၀ အာရုံစိုက်ရန် ချက်ချင်းလက်ငင်း အခွင့်ပေးချင်မှ ပေးနိုင်မည်ဖြစ်သည်။ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ၁၀ သန်း ကျော်လွန်ထားခဲ့ပြီဖြစ်ပြီး  ယင်းသည် အမေရိကန်ပြီးလျင် ကမ္ဘာ့ ဒုတိယမြောက် အများဆုံး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အိန္ဒိယအနေဖြင့် အခြားသော နိုင်ငံများကို ကူညီပေးရန် ကြိုးပမ်းနေချိန်မှာပင် သြဂုတ်လ နောက်ဆုံးထားပြီး ပြည်တွင်းရှိ လူပေါင်း သန်း ၃၀၀ ခန့်ကို ကာကွယ်ဆေးထိုးပေးရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးမှုအစီအစဉ်တစ်ရပ်ကို ရေးဆွဲလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly