ပြည်သူ ၁၆ သန်းအတွက် J&J နှင့် Pfizer ကိုဗစ်ကာကွယ်ဆေး တောင်ကိုရီးယား ဝယ်ယူမည်

ပြည်သူ ၁၆ သန်းအတွက် J&J နှင့် Pfizer ကိုဗစ်ကာကွယ်ဆေး တောင်ကိုရီးယား ဝယ်ယူမည်

ဒီဇင်ဘာ ၂၄

တောင်ကိုရီးယားနိုင်ငံသည် ပြည်သူ ၁၆ သန်းအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် Pfizer Inc ကုမ္ပဏီနှင့် Johnson & Johnson ကုမ္ပဏီထုတ် Janssen ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ဝယ်ယူတင်သွင်းရန် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။

နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကို ရင်ဆိုင်လာနေရချိန်တွင် ဝန်ကြီးချုပ် ချန်စီကောင်းက ကြာသပတေးနေ့တွင် ရုပ်သံသတင်းစာရှင်းလင်းပွဲမှ ပြောကြားခြင်း ဖြစ်သည်။

ကပ်ဘေးတတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံက ရုန်းကန်နေရချိန် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရေး စီမံချက်များနှင့် ပတ်သက်ကာ အစိုးရအနေဖြင့် ပြည်သူများ၏ ဖိအားများနှင့် တိုးမြင့်ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် တစ်နေ့တာ ဒုတိယအများဆုံး ကူးစက်မှုအဖြစ် စံချိန်တင်ကူးစက်မှု ဖြစ်ခဲ့သည်။

Pfizer က ဂျာမနီမိတ်ဖက် BioNTech နှင့် ပူးတွဲထုတ်လုပ်သည့် ကာကွယ်ဆေးနှစ်မျိုးကို ပြည်သူ ဆယ်သန်းအတွက် လုံလောက်စွာ ရရှိမည်ဖြစ်ပြီး ၂၀၂၁ တတိယသုံးလပတ်တွင် တင်သွင်းနိုင်မည်ဟု မျှော်လင့်ထားသည်။

“ဒုတိယသုံးလပတ်အတွင်းမှာ ဆေးဝါးတွေ တစ်နိုင်ငံလုံးအတွက် တင်သွင်းနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ်က ပြောသည်။

J&J ဆေးဝါးကုမ္ပဏီထုတ် Janssen ဆွေးများကို ကနဦး လူ နှစ် သန်းကနေ ခြောက်သန်းအထိ အတွက် ထိုးနှံပေးနိုင်ရန် ဖြည့်စွက်ဝယ်ယူမည်ဖြစ်ပြီး ဒုတိယသုံးလပတ်တွင် ထိုးနှံပေးရေး အဆင်သင့်ဖြစ်လိမ့်မည်ဟု ဝန်ကြီးချုပ် ချန်စီကောင်းက ပြောခဲ့သည်။

အဆိုပါ ဆေးဝါးကုမ္ပဏီနှစ်ရပ်၏ ဆေးများကို လူဦးရေ ၅၂ သန်းရှိသော တောင်ကိုရီးယားပြည်သူ ၈၅ ရာခိုင်နှုန််းကို ထိုးနှံပေးနိုင်ရေး လုံလောက်သည့် ဆေးဝါးများ ဝယ်ယူရန် အစိုးရ၏ အစီအစဉ်အဖြစ် သဘောတူလက်မှတ်ထိုးထားခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး လေးမျိုးတွင် AstraZeneca နှင့် Moderna ထုတ် ဆေးများကိုလည်း အစိုးရက ဝယ်ယူနိုင်ရေး စီစဉ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly