ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေလို့ တောင်ကိုရီးယားမှာ ပိတ်ပင်ကန့်သတ်ချက်တွေ တင်းကျပ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေလို့ တောင်ကိုရီးယားမှာ ပိတ်ပင်ကန့်သတ်ချက်တွေ တင်းကျပ်
Photo - AFP

ဒီဇင်ဘာ ၂၄

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စံချိန်တင် တစ်ဟုန်ထိုး မြင့်တက်နေတာကို တိုက်ဖျက်ထိန်းချုပ်ဖို့အတွက် မြို့တော်မှာ လူ လေးဦးထက် ပိုစုဝေးမှုတွေကို အာဏာပိုင်တွေက ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။

လူအစုအဖွဲ့ စုဝေးမှုတွေအပေါ် ပိတ်ပင်ကန့်သတ်ချက်တွေဟာ ဒီဇင်ဘာ ၂၄ ရက်မှာ နိုင်ငံတ၀န်း အာဏာတည်မှာ ဖြစ်ပြီး အဓိက ခရီးသွားနေရာတွေနဲ့ နှင်းလျှောစီး အပန်းဖြေနေရာတွေကိုလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလတွေမှာ ပိတ်ထားတော့မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ကနဦးကာလတွေတုန်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုဘယ်ပုံ တိုက်ဖျက်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ စံနမူနာတစ်ခုအဖြစ် ရှိနေခဲ့ပြီး ပြည်သူတွေဟာလည်း အများအားဖြင့် လူခွာနေမှုနဲ့ အခြား စည်းမျဉ်းစည်းကမ်းတွေကို သေချာ လိုက်နာခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာတော့ ယင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်လည် ဖြစ်ပွားပြီး တစ်နေ့တာ ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုပိုင်းမှာ စံချိန်တင် အရေအတွက်အထိ မြင့်တက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာတော့ ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၁,၀၉၂ ဦး ရှိခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ဖော်ခဲ့ပြီး ယင်းဟာ ကူးစက်သူ ၁,၀၀၀ ကျော်တွေရှိတဲ့ နောက်ထပ်နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါကြောင့်လည်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရနိုင်သူတွေကို လက်တွေ့စစ်ဆေးမှုတွေ ခံယူစေအောင် တွန်းအားပေးဖို့အတွက် နိုင်ငံတစ်၀န်းမှာ အခမဲ့ ဗိုင်းရပ်စ်စစ်ဆေးနိုင်တဲ့ ဗိုင်းရပ်စ်စစ်ဆေးမှု ယာယီနေရာပေါင်း ၁၅၀ ကို ထူထောင်ထားရှိပါတယ်။

ဒီဇင်ဘာ ၂၃ ရက်က ဆိုးလ်မြို့ပြင်ပ ဗိုင်းရပ်စ်စစ်ဆေးမှု နေရာတစ်ခုမှာ စစ်ဆေးမှုခံယူဖို့ လူပေါင်းရာချီ တန်းစီ စောင့်ဆိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly