ဗြိတိန်၌ ပေါ်ပေါက်သည့် ကူးစက်ပိုမြန်သော မူကွဲကိုရိုနာဗိုင်းရပ်စ်အရေး WHO စည်းဝေး 

ဗြိတိန်၌ ပေါ်ပေါက်သည့် ကူးစက်ပိုမြန်သော မူကွဲကိုရိုနာဗိုင်းရပ်စ်အရေး WHO စည်းဝေး 

ဒီဇင်ဘာ ၂၃ ၊ ၂၀၂၀

ဗြိတိန်နိုင်ငံတွင် ပေါ်ပေါက်နေသည့် ပို၍ ကူးစက်မြန်သော ကိုရိုနာဗိုင်းရပ်စ် ဗီဇမူကွဲသစ်အား တန်ပြန်ရေး မဟာဗျူဟာများအရေး ဆွေးနွေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ အဖွဲ့ဝင်နိုင်ငံများက ဗုဒ္ဓဟူးနေ့တွင် အစည်းအဝေးတစ်ရပ် ခေါ်ယူသည်။ 

ယခု အစည်းအဝေးသည် သတင်းအချက်အလက်များ မျှဝေနိုင်ရေးအတွက် ကျင်းပခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ 

“ပိုပြီး ကောင်းမွန်တဲ့ သတင်းအချက်အလက် မရမချင်း ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် ခရီးသွားလာမှုတွေကို ကန့်သတ်ထားမှာ ဖြစ်တယ်။”ဟု WHO ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းကလက်က ပြောသည်။ 

ယခု ဗိုင်းရပ်စ် မျိုးကွဲနှင့် ပတ်သက်ကာ ဂျီနီဗာအခြေစိုက် WHO အဖွဲ့က အထူးစိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပွားရန် သတိပေးရင်း ကပ်ဘေး ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်၏ သာမန်တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကာ ယင်း ဗီဇမူကွဲကို တွေ့ရှိသည့်အတွက် ဗြိတိန်အား ချီးကျူးစကား ဆိုသည်။ 

အင်္ဂလန်တောင်ပိုင်းက အဝေးပြေးလမ်းများတစ်လျှောက် ဝင်ရောက်လာသော ပြင်သစ်မှ ထရပ်ကားများကို တားမြစ်ထားချိန် အစားအစာ၊ ဆေးဝါး၊ လောင်စာဆီကဲ့သို့သော မရှိမဖြစ် ကုန်စည်များ သယ်ယူပို့ဆောင်ပေးခွင့်ကို ဦးစားပေးအဖြစ် လွယ်ကူချောမွေ့အောင် ခွင့်ပြုပေးသင့်သည်ဟု WHO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“မရှိမဖြစ် ကုန်စည်တွေနဲ့ မသွားမဖြစ် ခရီးသွားလာပို့ဆောင်မှုတွေကတော့ ဆက်လက်ရှိထားသင့်တယ်။”ဟု ကလက်က တွစ်တာတွင် ရေးသားဖော်ပြသည်။ 

BioNTech နှင့် Moderna အပါအဝင် ဆေးဝါးကုမ္ပဏီများက ၎င်းတို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးအား ယခု ဗီဇကွဲ ပိုးအတွက် ကာကွယ်ပေးနိုင်ရေး စမ်းသပ်မှုများ အပတ်တကုပ် လုပ်ဆောင်နေသည်။ 

ဗိုင်းရပ်စ်မူကွဲသစ်သည် ကာကွယ်ဆေး၏ ထိရောက်မှုအပေါ် သက်ရောက်ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ရန် လုံလောက်သော သတင်းအချက် မရသေးကြောင်း WHO က ထပ်လောင်း ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required