အာဖဂန်နစ္စတန်မှာ သတင်းထောက် ၁ ဦး ပစ်သတ်ခံရ 

အာဖဂန်နစ္စတန်မှာ သတင်းထောက် ၁ ဦး ပစ်သတ်ခံရ 
Photo - AFP

ဒီဇင်ဘာ ၂၃  

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းက ဂါဇနီမြို့မှာ တနင်္လာနေ့တုန်းက သတင်းထောက်တစ်ဦး အသတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်လအတွင်း အာဖဂန်မှာ တတိယမြောက်သေဆုံးတဲ့ သတင်းသမား ဖြစ်ပါတယ်။  

ဓာတ်ပုံသတင်းထောက် ရာမတ်တူလာနက်ဇက် (Rahmatullah Nekzad) ဟာ အိမ်အနီးမှာရှိတဲ့ ဗလီတစ်ခုကို သွားစဉ် အမည်မသိ သေနတ်သမားတွေက အသံတိတ် ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။  

အာဖဂန်အစိုးရနဲ့ တာလီဘန်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေဆဲဖြစ်ပေမယ့်လည်း အာဖဂန်မှာ အကြမ်းဖက်ဖြစ်ပွားမှုတွေ မြင့်တက်လာစဉ်မှာ  

သတင်းထောက်၊ နိုင်ငံရေးသမားတွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေအပါအဝင် အထင်ကရပုဂ္ဂိုလ်အများအပြား ပစ်မှတ်ထားခံနေရတာ ဖြစ်ပါတယ်။ 

လုပ်ကြံတဲ့အဖွဲ့ကို အခုအချိန်ထိ မသိရသေးဘဲ တာလီဘန်တွေကလည်း သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ 

အသက် ၄၀ ကျော်ရှိပြီဖြစ်တဲ့ နက်ဇက်ဟာ ၂၀၀၇ ခုနှစ်ကတည်း AP သတင်းဌာနမှာ လုပ်လာခဲ့တာဖြစ်ပြီး  အမေရိကန်၊ အာဖဂန်အစိုးရနဲ့ တာလီဘန်စစ်သွေးကြွတွေရဲ့ ဖမ်းဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးပါတယ်။  

နက်ဇက်ဟာ ဒိုဟာအခြေစိုက် Al Jazeera သတင်းဌာနအတွက်လည်း အလုပ်, လုပ်ပေးနေသူဖြစ်ပါတယ်။ 

ဒီနှစ်အတွင်းမှာ နက်ဇက်အပါအဝင် အာဖဂန်မှာလုပ်ကြံခံရတဲ့ သတင်းသမား ၇ ဦးရှိပြီလို့ အာဖဂန်သတင်းထောက်များလုံခြုံရေးကော်မတီက ဆိုပါတယ်။  

အာဖဂန်ဟာ သတင်းထောက်တွေ သေဆုံးမှုအများဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်တယ်လို့ မီဒီယာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပြောပါတယ်။  

အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီက “နက်ဇက်ကိုသတ်တာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။ အရပ်သားတွေ၊ ပြည်သူ့အဆောက်အအုံတွေနဲ့ သတင်းသမားတွေကိုတိုက်ခိုက်တာဟာ စာနာမှုကင်းတဲ့ ရာဇဝတ်မှုဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆန့်ကျင်တဲ့တိုက်ခိုက်မှုတွေဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly