ရင်းဂစ် ၁၄၅,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ မြန်မာနိုင်ငံသား ၃ ဦးကို မလေးရှားရဲ ဖမ်းဆီး 

ရင်းဂစ် ၁၄၅,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ မြန်မာနိုင်ငံသား ၃ ဦးကို မလေးရှားရဲ ဖမ်းဆီး 

ဒီဇင်ဘာ ၂၀

ရင်းဂစ် ၁၄၅,၀၀၀ တန်ကြေးရှိ မူးယစ်ဆေးများ လက်ဝယ်ပိုင်ဆိုင်ထားသည်ဟု သံသယရှိသော မြန်မာအမျိုးသားသုံးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

မလေးရှားရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက ဘာတူးလိုဏ်ဂူမြို့ တာမန် ပရီမာ ဆီလာယန်း တိုက်ခန်းအိမ်ရာတစ်ခုတွင် လုပ်ဆောင်ခဲ့သည့် စီးနင်းမှုတစ်ခုအတွင်း ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဂွန်ဘက်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ အရီဖိုင် တာရာဝီက ပြောကြားရာတွင် ဒီဇင်ဘာ ၁၅ ရက်က စီးနင်းမှုတစ်ခုအတွင်း အသက် ၂၉ နှစ်မှ အသက် ၄၆ နှစ်အကြား အသက်အပိုင်းအခြားရှိ သံသယရှိသူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ဧရိယာရှိ မီနီမားကတ်တစ်ခုရှေ့ ပါကင်ထိုးထားသော ၎င်းတို့၏ ကားနှစ်စီးအနီး အဆိုပါ သံသယရှိသူများ ရှိနေခဲ့ချိန် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ 

ယင်းနောက် စစ်ဆေးရှာဖွေမှုများ လုပ်ခဲ့ရာတွင် ဟွန်ဒါစီးတီးကားတစ်စီးအတွင်း ရင်းဂစ် ၁၃၅,၀၀၀ တန်ကြေးရှိ ရှာဘူးဟု သံသယရှိသော အကြည်ရောင် ပလတ်စတစ်အထုပ် သုံးထုပ်ကို ရဲများက တွေ့ရှိခဲ့သည်။ အလားတူ Perodua Kembara ကားတစ်စီးအတွင်း ရင်းဂစ် ၁၀,၀၀၀ တန်ကြေးရှိ ဘိန်းဖြူဟု သံသယရှိသည့် အကြည်ရောင် ပလတ်စတစ် အထုပ်နှစ်ထုပ်ကိုလည်း ရဲများက တွေ့ရှိခဲ့သည်။ 

ဖမ်းဆီးထိန်းသိမ်းခဲ့သည့် သံသယရှိသူ သုံးဦးစလုံးသည် မက်သမ်ဖက်တမင်း ဆေး သုံးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ သို့သော် ၎င်းတို့တွင် ကနဦး ပြစ်မှု မှတ်တမ်းများ မရှိကြောင်း အရီဖိုင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောသည်။ 

ယခုအခါ အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများ အက်ဥပဒေ ၁၉၅၂ ၏ ဥပဒေပုဒ်မ ၃၉ ခ နှင့် ဥပဒေပုဒ်မ ၁၅ (၁) (က) အောက်တွင် စစ်ဆေးမှုများကို ထောက်ကူရန်အလိုငှာ အဆိုပါသံသယရှိသူအားလုံးကို ဒီဇင်ဘာ ၁၈ ရက်မှစ၍ ခုနစ်ရက် ချုပ်မိန့်ပေးထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly