မှောင်ခိုကူးခံရတဲ့ အော်ရန်အူတန် လူဝံ ၂ ကောင်ကို ထိုင်းကနေ အင်ဒိုနီးရှားဆီ ပြန်လည်ပို့ဆောင်

မှောင်ခိုကူးခံရတဲ့ အော်ရန်အူတန် လူဝံ ၂ ကောင်ကို ထိုင်းကနေ အင်ဒိုနီးရှားဆီ ပြန်လည်ပို့ဆောင်
Photo: AFP

ဒီဇင်ဘာ ၁၈

ထိုင်းနိုင်ငံထဲ မှောင်ခိုသွင်းခံခဲ့ရတဲ့ ဆူမားတြား အော်ရန်အူတန် လူဝံ နှစ်ကောင်ကို ယခုအခါ အင်ဒိုနီးရှားနိုင်ငံဆီ တာဝန်ရှိသူတွေက ပြန်လည် ပို့ဆောင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အဆိုပါ အော်ရန်အူတန် လူဝံနှစ်ကောင်ဟာ အင်ဒိုနီးရှားဆီ မပြန်ခင် ဒီဇင်ဘာ ၁၇ ရက်က ဘန်ကောက်လေဆိပ်မှာ သစ်သီးတွေစား၊ ရေသောက်ရင်းနဲ့ လှောင်အိမ်တွေထဲကနေ အပြင်ကို စိုက်ကြည့်နေခဲ့ကြပါတယ်။

အရှေ့တောင်အာရှက တိရစ္ဆာန်တွေကို ပိုင်နက်ကျူးကျော် ခိုးဖမ်းသူတွေဟာ ဒီ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေတဲ့ အော်ရန်အူတန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအနေနဲ့ ရောင်းချဖို့အတွက် မကြာခဏ ဖမ်းဆီးမှုတွေ ရှိနေခဲ့ပါတယ်။ ဒီ လေးနှစ်သားအရွယ် အန် အင်းနဲ့ နက်တယ်လီ တို့ကိုလည်း ခရီးသွားလုပ်ငန်းတစ်ခုဆီ ရောင်းချဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ယူဆရကြောင်း ရဲတွေက ပြောပါတယ်။

တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသူတွေဟာ ဒီ အော်ရန်အူတန် နှစ်ကောင်ကို ၂၀၁၇ ခုနှစ် ဇွန်လက မလေးရှားကနေတဆင့် မှောင်ခိုကူးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံထဲ ၎င်းတို့ မော်တော်ကား ဝင်လာတာနဲ့ပတ်သက်လို့ ရဲတွေက သတင်းပေးမှု ရခဲ့ပြီးနောက် နယ်စပ်မှာ တားဆီးဖမ်းဆီးခဲ့ရာမှာတော့ ဒီ အော်ရန်အူတန် တွေအပြင် ရှားပါးကုန်းလိပ် ၃၉ ကောင်၊ အိန္ဒိယ ပင်လယ်လိပ် ၁၂ ကောင် နဲ့ ရက်ကွန်းဝံ ခြောက်ကောင်တို့နဲ့အတူ ဖမ်းမိခဲ့ပါတယ်။

ဒီ အော်ရန်အူတန် နှစ်ကောင်ကတော့ ထိုင်းနိုင်ငံက တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေး စင်တာတစ်ခုမှာ နေထိုင်ခဲ့ကြပြီး အင်ဒိုနီးရှားဆီ ပြန်ရောက်တာနဲ့ ပြန်လည် ထူထောင်ရေး ပရိုဂရမ်တစ်ခု ပါဝင်လုပ်ဆောင်ပြီးတဲ့အခါကျမှ ဆူမားတြားရှိ တောထဲ ပြန်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ အန် အင်းနဲ့ နက်တယ်လီ အော်ရန်အူတန် နှစ်ကောင်ဟာ ထိုင်းကနေ မထွက်ခွာခင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေပါ ခံယူလုပ်ဆောင်ထားခဲ့ပြီး ဒီစစ်ဆေးမှုကိုတော့ ဘန်ကောက် ချူလာလောင်ကျွန်း တက္ကသိုလ်က တိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါ လူဝံနှစ်ကောင်ကို လှောင်အိမ်အပေါက်ကနေတစ်ဆင့် ငှက်ပျောသီးတွေ၊ အုန်းသီးတွေ ပေးခဲ့ပါတယ်။တိရစ္ဆာန်နှစ်ကောင်ဟာ အစောပိုင်းမှာ လူလန့်နေသလို ဖြစ်နေပေမယ့် နောက်ပိုင်းမှာ သူတို့ကို ကျွေးတာတွေကို လက်ခံခဲ့ပါတယ်။

၂၀၀၆ ခုနှစ်နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အော်ရန်အူတန် ၆၉ ကောင်အထိ အင်ဒိုနီးရှားဆီ ပြန်ပို့ပေးထားပြီးဖြစ်တယ်လို့ ထိုင်း အမျိုးသားဥယျာဉ်များနဲ့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ပရာကစ်တ် ဗောင်စရီဗက်တာနာကူလ်က ပြောပါတယ်။

ဒီ အော်ရန်အူတန်နှစ်ကောင်ဟာ ယခုအချိန်မှာ နေရပ်ဒေသ ပြန်နေကြပြီဖြစ်ပေမယ့် ၎င်းတို့ရဲ့ အနာဂတ်ဟာ မရေမရာအခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

ဆူမားတြား အော်ရန်အူတန်တွေဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ် ကြုံနေရပြီး ကောင်ရေ အရေအတွက်ဟာလည်း ခန့်မှန်းခြေအားဖြင့် ၁၅,၀၀၀ အောက် နည်းတဲ့ ပမာဏသာ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နောက်ဆုံး ဆယ်စုနှစ်အနည်းငယ်အတွင်း သစ်ခုတ်မှုတွေ၊ ဆီအုန်းစိုက်ပျိုးမှုတွေနဲ့ သတ္ထုတူးဖော်မှုတွေကြောင့် ဆူမားတြား အော်ရန်အူတန်တွေရဲ့ နေထိုင်ကျက်စားရာဘုံဟာ သိသိသာသာ ကျုံ့ဝင်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required