ရှမ်းပြည်နယ်အတွင်း ကလေးသူငယ် ပုညှက်မှုနှုန်း လျှော့ချပေးဖို့ ကြိုးစားရာမှာ KBZPay နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့က မိုဘိုင်းပိုက်ဆံအိတ်ကို ဘယ်လို အသုံးချနေလဲ

ရှမ်းပြည်နယ်အတွင်း ကလေးသူငယ် ပုညှက်မှုနှုန်း လျှော့ချပေးဖို့ ကြိုးစားရာမှာ KBZPay နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့က မိုဘိုင်းပိုက်ဆံအိတ်ကို ဘယ်လို အသုံးချနေလဲ

ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ KBZPay နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးဖွားလာတဲ့ အသက်နှစ်နှစ်အောက် ကလေးသူငယ်တွေအတွက် ငွေကြေးထောက်ပံ့တဲ့ အစီအစဉ် (Maternal and Child Cash Transfer) မှာ အကျိုးခံစားခွင့်ရသူတွေကို မိုဘိုင်းဖုန်းနဲ့ ငွေလွှဲပြောင်းပေးအပ်မှုတွေ ပြုလုပ်ပေးဖို့ ဘယ်လို ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာ တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။

မွေးကင်းစနဲ့ ကလေးငယ်အရွယ်မှာ အာဟာရချို့တဲ့ခြင်းက ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပြီးတော့ အရွယ်ရောက်တဲ့အချိန်မှာ လေ့လာသင်ယူနိုင်စွမ်းနဲ့ လက်တွေ့စွမ်းဆောင်နိုင်စွမ်းကို ကျဆင်းစေပြီး နောင်မှာ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုတွေ အထိ အကျိုးသက်ရောက်နိုင်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံက အသက်ငါးနှစ်အောက် ကလေးငယ် သုံးဦးမှာ တစ်ဦးက ပုညှက်နေပြီးတော့ အချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကလေးငယ် ဆယ်ဦးမှာ လေးဦးက ပုညှက်နေတယ်လို့ ဖော်ပြထားပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနကနေ ကလေးသူငယ်တွေ ပုညှက်မှုနှုန်း လျှော့ချပေးဖို့အတွက် ရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးဖွားလာတဲ့ အသက်နှစ်နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ပေးတဲ့ (MCCT) စီမံချက်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင် မိတ်ဆက် အကောင်အထည်ဖော်ခဲ့ပါတယ်။ MCCT စီမံချက်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ အင်တိုက်အားတိုက် စတင်စီစဉ်ဆောင်ရွက်ခဲ့ပြီး MCCT စီမံချက်က ပံ့ပိုးပေးတဲ့ ထောက်ပံ့ကြေးငွေကနေ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးမွေးဖွားပြီး မိခင်တွေဟာ အာဟာရပြည့်ဝစေမယ့် ဖြည့်စွက်အစားအစာတွေ ဝယ်ယူနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ရရှိစေနိုင်ပါတယ်။

MCCT စီမံချက်ကနေ အကျိုးခံစားခွင့်ရသူတွေဟာ သူတို့ရဲ့ ကလေးငယ် သန္ဓေသားအရွယ်ကနေစပြီး နှစ်နှစ်ပြည့်တဲ့ အချိန်အထိ လစဉ် ငွေကျပ် (၁၅,၀၀၀) နှုန်းနဲ့ (၃) လ တစ်ကြိမ် ထောက်ပံ့ငွေတွေ လက်ခံရရှိမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ အာဟာရပြည့်ဝအောင် နေနိုင်ဖို့လိုအပ်နေတဲ့ ဒေသတွေမှာ နေထိုင်တဲ့ မိသားစုတွေနဲ့ ရပ်ရွာလူထုဟာ ဘဏ်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားတာမျိုး မရှိသလို ငွေကြေးဝန်ဆောင်မှုတွေကိုလည်း ကောင်းကောင်း အသုံးမပြုနိုင်ကြပါဘူး။ MCCT စီမံချက်ကနေ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတဲ့ ရပ်ရွာလူထုတွေထဲမှာ ဒီလိုမျိုး သမာရိုးကျ ဘဏ်ဝန်ဆောင်မှုတွေကိုတောင် ရယူအသုံးမပြုနိုင်ကြတဲ့အပြင် အများစုက လမ်းပန်းဆက်သွယ်ရေး မလွယ်ကူတဲ့ နေရာတွေဖြစ်လို့ ထောက်ပံ့ကြေးငွေ ကိုယ်တိုင်သွားရောက် ပေးအပ်နေရတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် ဆက်သွယ်သွားလာရေးပိုင်းမှာ ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ ရပါတယ်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလက MCCT စီမံချက်ကို ရှမ်းပြည်နယ်အထိ တိုးချဲ့ဆောင်ရွက်လာရာက ရှမ်းပြည်နယ်တွင်းမှာ MCCT ထာက်ပံ့ကြေးပေးအပ်ဖို့ အရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်အောင် လူမှုဝန်ထမ်းဦးစီးဌာနက KBZPay ၊ ကမ္ဘောဇဘဏ်တို့နဲ့ မိတ်ဖက်ပူးပေါင်းပြီး မိုဘိုင်းငွေကြေးလွှဲပြောင်းမှုတွေကို အသုံးပြုခဲ့ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန အတွက် ဒီလိုမျိုး ဒစ်ဂျစ်တယ်အသုံးချ နည်းလမ်းသစ်က ကိုယ်တိုင်သွားရောက်ပြီး ထောက်ပံ့ကြေးပေးတဲ့အခါမှာ တွေ့ကြုံရတဲ့ သွားရေးလာရေး အခက်အခဲ တော်တော်များများကို ကျော်ဖြတ်နိုင်စေခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနည်းလမ်းသစ်က ရှမ်းပြည်နယ်တွင်းက သွားလာရအခက်ခဲဆုံးနေရာတွေက အကျိုးခံစားခွင့်ရသူတွေကိုတောင် လုံခြုံစိတ်ချပြီး အချိန်ကုန်သက်သာတဲ့အပြင် ထိရောက်မှုရှိတဲ့ မိုဘိုင်းငွေကြေးလွှဲပြောင်းမှုတွေကို ပြုလုပ်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်လို့ပါပဲ။

နည်းလမ်းအသစ် စတင်အသုံးပြုခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မှာရှိတဲ့ အိမ်ထောင်စုတွေအတွက် ငွေကျပ် (၄) ဘီလီယံ တန်ဖိုးရှိ MCCT ရဲ့ ထောက်ပံ့ကြေး လွှဲပြောင်းပေးအပ်မှုပေါင်း (၄၈,၀၀၀) ကို ကမ္ဘောဇဘဏ် နဲ့ KBZPay ကနေ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီစီမံချက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အယောက် (၃၃,၀၀၀) နဲ့ နှစ်နှစ်အောက် ကလေးငယ်တွေရဲ့ မိခင် အယောက် (၁၅,၀၀၀) ပါဝင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် ထုတ်ပေးခဲ့တဲ့ ထောက်ပံ့ကြေးတွေရဲ့ (၅၅) ရာခိုင်နှုန်းကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထုတ်ပေးခဲ့တာပါ။

“ဒီစီမံချက်က မြန်မာနိုင်ငံရဲ့ လူမှုရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုမှာ မိုဘိုင်းပိုက်ဆံအိတ်နည်းပညာက ဘယ်လိုမျိုး ကူညီပံ့ပိုးပေး နိုင်တယ်ဆိုတာကို ပြသလိုက်တဲ့ အကောင်းဆုံး ဥပမာတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ လုံခြုံရေးပိုင်းမှာ အထူးစိတ်ချရတဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်နဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ကိုယ်စားလှယ်ကွန်ရက်ကနေတဆင့် အကျိုးခံစားခွင့်ရမယ့်သူတွေရဲ့ ထောက်ပံ့ကြေးငွေတွေကို လုံခြုံမှုအပြည့်နဲ့ လွှဲပြောင်းပေးအပ်ရာမှာ ပိုပြီး အရှိန်ဟုန်မြှင့် ဆောင်ရွက်ပေးနိုင်မှာပါ။ ဒီထောက်ပံ့ကြေးတွေက ကိုယ်ဝန်ဆောင်မိခင်နဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် အာဟာရပြည့်ဝအောင် နေထိုင် စားသောက်တဲ့ အလေ့အကျင့်တွေ ပိုရလာပြီး စောင့်ရှောက်မှုတွေ ရှာဖွေနိုင်အောင် ပံ့ပိုးပေးနိုင်မှာပါ။ KBZPay အသုံးပြုပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ ထောက်ပံ့ကြေး ထုတ်ပေးလိုက်တဲ့အတွက် MCCT စီမံချက်ကို ပိုပြီး မြန်ဆန်၊ တိကျ၊ ထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်မယ့်အပြင် အကျိုးခံစားခွင့်ရရှိသူ အများစုဟာ သူတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ကနေ ငွေကြေးဝန်ဆောင်မှုတွေ ပထမဦးဆုံးအကြိမ် ရယူအသုံးပြုနိုင်တာဖြစ်လို့ ရှမ်းပြည်နယ် ဒေသတွင်းမှာ အားလုံးပါဝင်နိုင်တဲ့

ဘဏ္ဍာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့လည်း ကူညီပေးနေတာပဲ ဖြစ်ပါတယ်” လို့ ကမ္ဘောဇဘဏ်ရဲ့ လက်ထောက်စီမံခန့်ခွဲမှုဒါရိုက်တာ Mr. Robin Chua က ဆိုပါတယ်။

ဒီစီမံချက်မှာ KBZPay ကနေ နည်းပညာပလက်ဖောင်းတွေ ထောက်ပံ့ပေးပြီး ငွေကြေးလွှဲပြောင်းပေးတာအပြင် ကမ္ဘောဇဘဏ်ကလည်း ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့ အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးဆောင်ရွက်ပေးနေပါတယ်။ ဒီထဲမှာ အကျိုးခံစားခွင့်ရသူတွေ ငွေသားထုတ်နိုင်ဖို့ နေရာအများအပြား ရှိတဲ့ KBZPay ကိုယ်စားလှယ်ကွန်ရက်တစ်ခု ဖွဲ့စည်းပေးတာ၊ မိုဘိုင်းပိုက်ဆံအိတ်ထဲက ထောက်ပံ့ကြေးငွေတွေနဲ့ ဈေးဝယ်နိုင်တဲ့ အရောင်းဆိုင်ကွန်ရက် တိုးချဲ့ပေးတာတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

လာမယ့် လေးနှစ်အတွင်း ဒီစီမံချက်ကို တိုင်းနှင့်ပြည်နယ်အသီးသီးက နေရာဒေသအားလုံးအတွက် ဆောင်ရွက်ဖို့ဆိုရင် ရှမ်းပြည်နယ်က ခန့်မှန်းခြေ အိမ်ထောင်စုပေါင်း (၄၈၇,၀၀၀) ခန့်ဟာ ထောက်ပံ့ကြေး အနည်းဆုံး တစ်ကြိမ်ရရှိဖို့ အကျုံးဝင်မှာဖြစ်ပြီး အကျိုးခံစားခွင့်ရရှိသူတွေရဲ့ (၆၀%) က ငွေလွှဲပြောင်းပေးအပ်မှုတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ လက်ခံရရှိနိုင်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly