ဗိုင်းရပ်စ်ကို အားကောင်းစွာ တုံ့ပြန်ခဲ့မှုက ဗီယက်နမ်စီးပွားရေးကို အကျပ်အတည်းမှ လွတ်အောင် ထောက်ကူပေးခဲ့

ဗိုင်းရပ်စ်ကို အားကောင်းစွာ တုံ့ပြန်ခဲ့မှုက ဗီယက်နမ်စီးပွားရေးကို အကျပ်အတည်းမှ လွတ်အောင် ထောက်ကူပေးခဲ့
Photo - AFP

ဒီဇင်ဘာ ၁၇ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပေါ် အားကောင်းကောင်းနဲ့ တုံ့ပြန်ခဲ့မှု၊ ပို့ကုန်တွေ တစ်ရှိန်ထိုးမြင့်တက်မှုနဲ့ အခြေအနေကောင်းတဲ့ အများပြည်သူဆိုင်ရာ ငွေသုံးစွဲမှုတို့က ဗီယက်နမ်နိုင်ငံကို ယခုနှစ် ၂၀၂၀ မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတစ်ခုအပေါ် ကူညီခုခံတားဆီးစေနိုင်ခဲ့သလို ယင်းရဲ့ စီးပွားရေးပြန်လည် နာလန်ထူမှုကိုလည်း အရှိန်မြန်ဆန်စေခဲ့တယ်လို့ သိရပါတယ်။ 

ဗီယက်နမ်အနေနဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးသော စီးပွားရေး တိုးတက်မှုနှုန်းတွေအနက် တစ်ခုကိုတောင် ခံစားရရှိဖွယ် ရှိတယ်လို့ အကဲဖြတ်တွေက ခန့်မှန်းနေကြပါတယ်။ 

ဒါပေမယ့်လည်း ထိန်းချုပ်ဟန့်တားမှု အစီအမံတွေနဲ့ အချို့သော လုပ်ငန်းကဏ္ဍတွေအတွက်ကတော့ ထိခိုက်နာကျင်မှုတွေ ရှိနေဆဲဖြစ်သလို နယ်စပ်ဒေသဆိုင်ရာ နှောင့်ယှက်အလျင်ပြတ်မှုတွေကလည်း နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိုးနှက်နေပါတယ်။ အလားတူ တစ်ချိန်တုန်းက တိုးပွားကောင်းမွန်ခဲ့တဲ့ လေကြောင်းလုပ်ငန်းကဏ္ဍဟာလည်း အားအင်ချည့်စွာနဲ့ ကျန်ရစ်လို့ နေပါတယ်။ 

အခြား နိုင်ငံအများအပြားမှာ မြင့်မားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေနဲ့ တွေ့ကြုံခံစားထားခဲ့ရပေမယ့် ဗီယက်နမ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ၁,၅၀၀ အောက်နည်းပြီး သေဆုံးသူ ၃၅ ဦးမျှသာ ရှိနေခဲ့ပါတယ်။ ဒါကတော့ ကွာရန်တင်း အစီအမံတွေ လုပ်ဆောင်ခဲ့တာ၊ ကုန်ကျစရိတ် များပြားတဲ့ ရောဂါပိုးတွေ့သူနဲ့ ထိတွေ့ပတ်သက်သူတွေကို လိုက်လံရှာဖွေဖော်ထုတ်မှုတွေ လုပ်တာ၊ လှုပ်ရှားသွားလာမှုတွေအပေါ် တင်းကျပ်တဲ့ ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်တာ၊ စက်ရုံအလုပ်ရုံတွေကို အတော်များများ ဆက်ဖွင့်ခိုင်းထားခဲ့ပြီး ပြည်သူတွေကိုလည်း ခပ်မြန်မြန်ပဲ အလုပ်ခွင် ပြန်ဝင်စေခဲ့တာတို့ကြောင့် ဖြစ်ပါတယ်။ 

“ကြီးလေးတဲ့ လော့ခ်ဒေါင်းက သုံးလသာသာပဲ ကြာခဲ့ပါတယ်၊ ဒါကြောင့်လည်းပဲ ပြည်တွင်း လှုပ်ရှားလည်ပတ်မှုက လျင်လျင်မြန်မြန်ပဲ ဇွန်လမှာ ပုံမှန်အခြေအနေ ပြန်ရောက်ခဲ့တာပါ” လို့ ဗီယက်နမ် ဖူးလ်ဘရိုက် တက္ကသိုလ်မှ အများပြည်သူ့ရေးရာ မူဝါဒ ဌာနမှ ကထိက ငုရင် ရွှမ်သန်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

အနောက်နိုင်ငံအများအပြားဟာ ယင်းတို့ရဲ့ နိုင်ငံသားတွေကို ယခုနှစ်လယ်မှာ နေအိမ်တွေမှာ ဆက်ရှိနေစေဖို့ ပန်ကြားလုပ်ဆောင်နေခဲ့ချိန် ဗီယက်နမ် ပြည်သူတွေကတော့ သဘာဝပသာဒဖြစ်တဲ့ ကမ်းခြေတွေဆီ အလုံးအရင်း ရောက်ရှိနိုင်ခဲ့ကြပြီး ဗီယက်နမ်အစိုးရကလည်း ပြည်တွင်း ခရီးသွားလုပ်ငန်းအတွက် လိုအပ်တဲ့ ကုစားချက်ကို ပေးဖို့ ကြိုးစားခဲ့ပါတယ်။ 

ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ တောင်ကိုရီးယား အပါအဝင် ယင်းရဲ့ အကြီးဆုံး စျေးကွက်တွေအနက် တစ်ချို့မှာ အဝတ်အထည်၊ ဖိနပ်၊ စမတ်ဖုန်း စတာတွေအတွက် ဝယ်လိုအား ကျဆင်းခဲ့တာနဲ့အတူ ပို့ကုန် မှီခိုနေရတဲ့ ဗီယက်နမ် စီးပွားရေးအတွက် ကြီးလေးတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ 

“ဒါပေမယ့် ကြည့်ရတာတော့ ပို့ကုန်တွေဟာ ဒီနှစ် တိုးတက်မှုတွေကို ကူညီ ထောက်ကူပံ့ပိုးပေးနေဆဲ ဖြစ်ပါတယ်၊ ဒါ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်မှာက အရမ်းကို တစ်ခုတည်းမက အမျိုးမျိုး ခွဲပြီး ရှိနေတဲ့ ပို့ကုန်စျေးကွက် ရှိနေလို့ပါ၊ ဒါက ပို့ကုန်နေရာတစ်ခုတည်းအပေါ်မှာပဲ မှီခိုနေတာမဟုတ်ပါဘူး” လို့ သန်းက ပြောသွားပါတယ်။ 

ယခုနှစ် ပထမကိုးလမှာ တရုတ်ဆီ ကုန်ပစ္စည်း ပို့ဆောင်မှုဟာလည်း ၁၅ ရာခိုင်နှုန်းကျော် ကြီးထွားဖွံ့ဖြိုးခဲ့ကြောင်း ဗီယက်နမ် အထွေထွေ အကောက်ခွန် ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် လော့ခ်ဒေါင်းတွေအတွင်း လူတွေ နေအိမ်တွေမှာ ရှိနေဖို့ ညွန်ကြားခံခဲ့ရတာနဲ့အတူ နေအိမ်သုံး အီလက်ထရောနစ်ပစ္စည်းတွေ၊ ရုံးသုံး ပရိဘောဂတွေ၊ ကွန်ပြူတာ နဲ့ တယ်လီဗေးရှင်း စတဲ့ ဗီယက်နမ်မှာ ထုတ်လုပ်တဲ့ ပစ္စည်း အများအပြားအတွက် ဝယ်လိုအားဟာလည်း ကပ်ရောဂါကာလအတွင်း မြင့်တက်ခဲ့ပါတယ်။ 

ယင်းနိုင်ငံရဲ့ စီးပွားရေးဟာ ယခုနှစ် တိုးတက်မှု လျာထားချက်ဖြစ်တဲ့ ၆ ဒသမ ၈ ရာခိုင်နှုန်းကို ပြည့်မီမှာ မဟုတ်ပေမယ့်လည်း စီးပွားရေးဟာ ၂ ဒသမ ၄ ရာခိုင်နှုန်း ပြန့်ကားတိုးတက်ဖွယ်ရှိနေပြီး ယင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနှုန်းတွေထဲမှာ ပါနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က ပြောထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly