စိုးရိမ်ဖွယ်ရာ တရုတ် မြန်မာ COVID-19 ကျန်းမာ‌ရေးအချက်အလက်

By ဂျွန်ထူးမြင့်
17 December 2020
 စိုးရိမ်ဖွယ်ရာ တရုတ် မြန်မာ COVID-19 ကျန်းမာ‌ရေးအချက်အလက်

ဒီဇင်ဘာ ၁၇

နိုဝင်ဘာလ ၁ ရက်နေ့က လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုဗစ်-၁၉ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းများအား ဝယ်ယူထားပြီးဖြစ်ကြောင်း အစိုးရထုတ်သတင်းစာ The Global New Light of Myanmar က တစ်ဆင့် ကြေငြာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုအား တားဆီးရန် KN95 mask များ၊ ကာကွယ်ရေး နှာခေါင်းစည်းများ၊ ဖိနပ်များနှင့် PPE ဆေးဘက်ဆိုင်ရာ ကာကွယ်ရေးအဝတ်အစားများပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများအား မဲပေးသူများ၊ မဲရုံများနှင့် စေတနာ့ဝန်ထမ်းများထံသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း တင်ပြထားသည်။ ဟွာဝေးသည်လည်း မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ပျံ့နှံ့မှုအား နှိမ်နင်းရန် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး ညှိနှိုင်းရေးကော်မတီထံသို့ ကူညီမှုအနေဖြင့် ဟွာဝေးစမတ်ဖုန်း ၁၀၀ ခန့် လှူဒါန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝှမ်းတွင် ဆယ်လူလာကွန်ယက်ပစ္စည်းတွင် တရုတ်၏ ပါဝင်ပတ်သတ်မှု အထူးသဖြင့် နောက်ကွယ်တွင် မရိုးသားမှုများရှိသော တရုတ်အရင်းအမြစ်များအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ထိုအရာများသည် နိုင်ငံတကာ ထောက်လှမ်းရေး လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ်  တရုတ်အစိုးရ၏ စောင့်ကြည့်ရေးများ ဖြစ်စေနိုင်သည် ဟူသော ခိုင်မာသော စွပ်စွဲချက်များလည်းရှိသည်။

တရုတ်အင်တာနက်လုံခြုံရေးဥပဒေသည် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် သတင်းအချက်အလက်များအား တောင်းဆိုသည့်အချိန်တိုင်းပေးနိုင်ရန် နိုင်ငံတော် ထောက်လှမ်းရေး အေဂျင်စီအား အထောက်အကူပေးနေသည်။ ထင်ရှားသောတရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီးများဖြစ်သည့် ဟွာဝေးနှင့် ZTH တို့သည် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းများနှင့် ရင်းနှီးကာ နိုင်ငံရေးကျွမ်းကျင်သူများအတွက် လုပ်ဆောင်ပေးနေကြောင်း တွေ့ရှိရသည်။  

ကုမ္ပဏီများအနေဖြင့် လူမှုရေးဆိုင်ရာ တာဝန်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူ့အသိုင်းအဝိုင်းအား ထည့်ဝင် လှူဒါန်းခြင်းသည် ချီးကျူးစရာဖြစ်သောလည်း ကူးစက်နယ်မြေ၊ မကူးစက်သောနယ်မြေဒ ကင်းစင်သော နယ်မြေ စသည့်တို့အပေါ် အချက်အလက်နှင့် သတင်းအချက် မျှဝေခြင်းနှင့် အထူးသဖြင့် ဟွာဝေးကုမ္ပဏီမှ ထိုပုဂ္ဂိုလ်ရေး အချက်အလက်များအား မည်သို့ သိမ်းဆည်း ဆောင်ရွက်ခြင်းနှင့် ပတ်သတ်၍ သတိထားသင့်သည်။ မြန်မာနိုင်ငံသို့ ဉာဏ်ရည်တု (AI)၊ ဗီဒီယိုကွန်းဖရင့်နှင့် စမတ်ဖုန်းများစသည့် နည်းပညာဝန်ဆောင်မှုများ လှူဒါန်းခြင်းသည် မေးခွန်းထုတ်စရာဖြစ်လာပြီး အထူးသဖြင့် အဓိက ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် အခက်အလက်အငြင်းပွားဖွယ်ကိစ္စရပ်တွင် ပါဝင်နေသည့် တရုတ်ကုမ္ပဏီတစ်ခုအတွက် အချက်အလက်လုံခြုံမှု ရှိပါမည်လား။ ဟွာဝေးက ဘယ်လို ဘာကြောင့် မြန်မာ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ဝင်ရောက်ခွင့် ရသွားတာပါလဲ။

 နိုင်ငံသားများ၏ ကျန်းမာရေးအချက်အလက်များအား ကာကွယ်ရန် အစိုးရနှင့် ဝန်ကြီးဌာန၏ တာဝန်ယူမှုအတွက်လည်း မေးခွန်းများထုတ်လာသည်။ မြန်မာနိုင်ငံသားများ၏ အချက်အလက်တွေကို အက်ပလီကေးရှင်း သို့မဟုတ် စမတ်ဖုန်းဆက်တင်တွေကနေတစ်ဆင့် ဘယ်ပုဂ္ဂလိဂ ကုမ္ပဏီ သို့မဟုတ် နိုင်ငံက ရယူသုံးစွဲနိုင်သလား။ အထူးသဖြင့် နိုင်ငံခြားသား ကုမ္ပဏီများမှ မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးအချက်အလက် အပါအဝင် ပုဂ္ဂလိဂအချက်အလက်များအား လွယ်လွယ်ကူကူ ဝင်ရောက်ကြည့်ရှုနိုင်ချိန်တွင် မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အချက်အလက်ကာကွယ်ရေးဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများအား ဘာ့ကြောင့် မချမှတ်သေးသနည်း။ နိုင်ငံသားများ၏ ပုဂ္ဂလိဂကျန်းမာရေး အချက်အလက်များအား ကာကွယ်ရန် မည်သည့်အချိန်တွင် ဥပဒေအရ ဆောင်ရွက်သွားမည်နည်း။

တရုတ်ထံမှ အကူအညီနှင့် အထောက်အပံ့ရရန် စိတ်အားထက်သန်နေသော  အစိုးရသည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ( ပြည်ထောင်စုလွှတ်တော်ဥပဒေ ၅/၂၀၁၇) ၂၀၁၇ မတ်လ ၈ အားကျော်ဖြတ်လိုက်သည်ကို တွေ့ရခြင်းသည် စိတ်ပျက်စရာဖြစ်သည်။ ထိုဥပဒေနှစ်ရပ်သည် လျှို့ဝှက်သတင်းအချက်အလက် ထုတ်ဖော်မှုအပါအဝင် ဆက်သွယ်ရေးဆိုင်ရာ အတွင်းရေးနှင့် လုံခြုံရေးအား ကာကွယ်ရန် ပြဌာန်းထားခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၅၇ တွင် ‘ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်’ဟု ပါရှိသည်။

ပုဂ္ဂလိဂ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆိုင်ရာ ဥပဒေ ( နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမှတ် ၅/၂၀၀၇) ၂၀၀၇ခုနှစ် ဧပြီလ ၅ရက် အပိုဒ် ၂ တွင် ‘(က) ကျန်းမာရေးလုပ်ငန်း ဆိုသည်မှာ ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာနှင့် အပြုအမူကို မြှင့်တင်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်း၊ ကျန်းမာရေးပြန်လည်ထူထောင်ခြင်းနှင့် သုတေသနပြုခြင်းများအပါအဝင် ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှပညာဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကို ဆိုလိုသည်။ (ခ) ကျန်းမာရေးစောင့်ရှောက်မှု ဆိုသည်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ ကျန်းမာမှုအဆင့်မြှင့်တင်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်း၊ ကျန်းမာရေး ပြန်လည် ထူထောင်ခြင်းနှင့် သုတေသနပြုခြင်းများအပါအဝင် ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုပညာဆိုင်ရာ ဆောင်ရွက်မှုများကို ဆိုလိုသည်။ (ဂ) ပုဂ္ဂလိဂကျန်းမာရေးလုပ်ငန်း ဆိုသည်မှာ ပုဂ္ဂလိဂအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ဖြစ်စေ၊ အကျိုးအမြတ်ရရှိရန် မရည်ရွယ်ဘဲဖြစ်စေ လုပ်ကိုင်သော ပုဒ်မ ၇ ပါ ကျန်းမာရေးလုပ်ငန်း တစ်ရပ်ရပ်ကို ဆိုသည်”ဟု ပါရှိသည်။ ထို့အပြင် အပိုဒ် ၂၅ (ဌ)တွင် ‘သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက တရားဝင်တောင်းခံလာသည်မှအပ လူနာ၏ ကျန်းမာရေးဆိုင်ရာအတွင်းရေးကိစ္စကို လျှို့ဝှက်ထိန်းသိမ်းထားရှိခြင်း’ဟူ၍ ပါရှိသည်။

၂၀၁၉ အောက်တိုဘာလတွင် VOA က မြန်မာသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများရှိသော်လည်း သူ၏ မိုဘိုင်းဆက်သွယ်ရေး စနစ်အသစ်အား တီထွင်နိုင်ရန် တရုတ်နည်းပညာကုမ္ပဏီအား ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။ ၂၀၁၉ ခုနှစ် မေလခန့်တွင် အမေရိကန်အစိုးရသည် အမျိုးသားလုံခြုံရေးနှင့် ဆန့်ကျင်သောလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော ကုမ္ပဏီများစာရင်းတွင် ဟွာဝေးနည်းပညာ Huawei Technologies ကိုထည့်သွင်းခဲ့သည်။ အထူးစီးပွားရေးဇုန်များ၊ ရေအားလျှပ်စစ်ဆည်များ၊ စွမ်းအင်ပိုက်လိုင်းများနှင့် အခြားအခြေခံအဆောက်အအုံစီမံကိန်းများတွင် တရုတ်၏ပါဝင်ပတ်သက်မှုအပေါ် မြန်မာပညာရှင်အချို့က အလွန်စိုးရိမ်ကြောင်း VOA က တင်ပြတားသည်။ တစ်ဦးကမူ“သူတို့ (ဖွံ့ဖြိုးဆဲနိုင်ငံများ)က အခြားနိုင်ငံများဆီက နည်းပညာအကူအညီများရရှိသည့်အခါတိုင်း အပြန်အလှန်အားဖြင့် ၎င်းတို့၏ အရေးကြီးသော သတင်းအချက်အလက်များကို ပေးရလိမ့်မယ်”ဟု စိုးရိမ်ပူပန်မှုအား ထုတ်ဖော် ပြောခဲ့သည်။

၂၀၂၀ခုနှစ် အောက်တိုဘာလတွင် ဆောင်းပါးရှင် ဘာတေး လစ်တနာ က "new normal" သည် တရုတ်အတွက် အခွင့်အလမ်းများ ဖန်တီးပေးနေကြောင်း ရေးသားခဲ့သည်။ သူ၏ ဆောင်းပါးတွင် ပေကျင်းသည် လူဦးရေနည်းပါသော ဒေသတွင် ကပ်ရောဂါအား အဆိုးဆုံးဖြစ်စေရန်နှင့် မဟာဗျူဟာကျ ဒေသအတွင်း အာဏာနှင့် ဩဇာလွှမ်းမိုးမှုအား ချဲ့ထွင်ရန် ဆိုးသွမ်းညစ်ညမ်းသော နည်းလမ်းများ ရှာဖွေနေသည်ဟု ဖော်ပြထားသည်။ အရှေ့တောင်အာရှ၏ စစ်အေးတိုက်ပွဲသစ်ကို လျင်မြန်စွာ ပုံဖော်နေသော တရုတ်နိုင်ငံသည် ကျန်းမာရေးစောင့်ကြည့်ခြင်း၊ စီးပွားရေးအခွင့်အလမ်းများနှင့် ပထဝီမဟာဗျူဟာအပြိုင်အဆိုင်များဖြင့် ဒေသတွင်းနိုင်ငံများတွင် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တိုးချဲ့ခြင်းများပြုလုပ်ခဲ့သည်။

ဘာတေးလစ်တနာ က ဖော်ပြခဲ့သည့် စိုးရိမ်ဖွယ်အချက်မှာ တရုတ်လုံခြုံရေးအေဂျင်စီများသည် ယူနန်ပြည်နယ်မှ ၎င်းတို့၏သတင်းထောက်များနှင့် ပညာရှင်များမှတစ်ဆင့် မြန်မာဒေသခံသတင်းထောက်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအလုပ်သမားများ ပွင့်လင်းစွာထိတွေ့ဆက်ဆံနေကာ သတ်မှတ်ထားသော သတင်းစာပညာ သို့မဟုတ ်ပညာရေးစံသတ်မှတ်ချက်များ ထက်ကျော်လွန်သော သတင်းအချက်အလက်များကို တောင်းဆိုဟန်များရှိနေခြင်းဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဦးစိုးသိန်းက ဘာစီလိုနာတွင် ပြုလုပ်ခဲ့သည့် 2019 Mobile World Congress တွင် မြန်မာနိုင်ငံအနေဖြင့် ၂ နှစ် ၃ နှစ်အတွင်း 4Gထက် အဆ ၂၀ခန့် ပိုမို မြန်ဆန်သော 5G နည်းပညာကို အသုံးပြုရန် အဆင်သင့်ဖြစ်လိမ့်မည့်အကြောင်းနှင့် ပုံသေကြိုးမဲ့ဆက်သွယ်မှု၊ ဉာဏ်ရည်တု၊ virtual reality နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အခြားနည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလိမ့်မည်အကြောင်းအား ပြောကြားခဲ့သည်။

အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်သူလူထု၏ ကျန်းမာရေးအချက်အလက်များကို ကာကွယ်ရန် အလေးအနက် အရေးယူဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့် အများပြည်သူဆိုင်ရာဆွေးနွေးခြင်းနှင့် နိုင်ငံသားများ၏ အချက်အလက်များနှင့် ပြည်သူ့ကျန်းမာရေး အချက်အလက်များကိုထည့်သွင်းခြင်း၊ သတင်းအချက်အလက်လုံခြုံမှုနှင့် ကာကွယ်မှုလုပ်ဆောင်နေသော CSO များနှင့်ဆက်သွယ်ခြင်း၊ ဆက်သွယ်ရေးနှင့် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရှိ လုပ်ငန်းလုပ်ကိုင်နေသော မိုဘိုင်းကုမ္ပဏီများနှင့် ၎င်းတို့၏အချက်အလက်သိမ်းဆည်းမှုနှင့် အချက်အလက်ကာကွယ်မှု စီမံချက်များအား
၎င်းတို့လုပ်ဆောင်နေသည့် စနစ်များအားအတည်ပြုနိုင်သည့် ယုံကြည်ရသော အများပြည်သူဆိုင်ရာ ပုဂ္ဂိုလ်များအား အသိပေးခြင်း အပါအဝင် ဝန်ကြီးဌာနသာမက အများပြည်သူအတွက်ပါ ရှင်းရှင်းလင်းလင်း ခွဲခြားသတ်မှတ်ခြင်းများ လုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။

တရုတ် သို့မဟုတ် အခြားတိုင်းပြည်များအပါအဝင် မြန်မာနိုင်ငံသုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သူတစ်ဦး တစ်ယောက်မှ လက်လှမ်းမမီစေရန် ပွင့်လင်းမြင်သာ ရှင်းလင်းသော အချက်အလက်များ ကာကွယ်ခြင်းဆိုင်ရာ ဥပဒေများအား အကောင်အထည် ဖော်ခြင်းမရှိပါက မြန်မာအစိုးရသည် မြန်မာနိုင်ငံသားများ၏ ဒစ်ဂျစ်တယ်ဘဝကို အပြင်သို့ လက်လွှဲပေးအပ်နေခြင်းဖြစ်ကာ သူတို့အား အမျိုးအမည်မသိ မရေမတွက်နိုင်သော အန္တရာယ်များအကြား တွန်းပို့နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly