ကိုဗစ် ဒုတိယလှိုင်းက မြန်မာ့စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်ကြောင်း ကမ္ဘာ့ဘဏ် ပြော 

ကိုဗစ် ဒုတိယလှိုင်းက မြန်မာ့စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်ကြောင်း ကမ္ဘာ့ဘဏ် ပြော 

ဒီဇင်ဘာ ၁၇

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာ့ စီးပွားရေး ဆက်လက် ထိခိုက်နေပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က တိုးတက်မှုနှုန်း ၆ ဒသမ ၈ နှင့် နှိုင်းယှဉ်လျှင် ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ထိုးကျ နှေးကွေးသွားကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ 

ကပ်ရောဂါနှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများက စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားနည်းစေခဲ့ကြောင်း၊ စီးပွားရေး လုပ်ငန်းများ လည်ပတ်မှု၊ လုပ်သားအင်အားနှင့် သွင်းအားစုများကို အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သော ‘မြန်မာ့စီးပွားရေး စောင့်ကြည့်မှု’ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆင်ရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်၏ ၂၂ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တက်လာနိုင်ကြောင်း၊ ၂၀၂၁/၂၀၂၂ ဘဏ္ဍာရေးနှစ် အစောပိုင်းတွင် ကနဦး အကျပ်အတည်း အနေအထားသို့ ပြန်ရောက်သွားနိုင်ကြောင်း အစီရင်ခံစာက ခန့်မှန်းသည်။ 

ကိုဗစ် ပထမလှိုင်းအတွင်း ဆင်းရဲသည့် အိမ်ထောင်စုများကို နေ့စဉ် စားသောက်မှု လျှော့ချရခြင်းပါအဝင် အန္တရာယ်များပြီး ရေရှည်မတည်တံ့နိုင်သည့် ယန္တရားသို့ တွန်းပို့ခဲ့ပြီးဖြစ်သည်။ ဒုတိယလှိုင်း မစခင် ဩဂုတ်လနှောင်းပိုင်းကပင် အိမ်ထောင်စုများစွာသည် ကြွေးမြီများ ပြန်ဆပ်ရေးအတွက် ရုန်းကန်နေခဲ့ရသည်။ ဆက်လက် တည်ရှိနေသော ရောဂါထိန်းချုပ်ရေး တင်းကျပ်မှုများသည် အိမ်ထောင်စုများစွာကို ဆင်းရဲတွင်းသို့ ပို့မည့် အန္တရာယ် ရှိနေသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။   

ဒုတိယလှိုင်းတွင် နေအိမ်တွင်သာ တတ်နိုင်သမျှ နေထိုင်ကြရန် Stay at Home ညွှန်ကြားချက်က ပထမလှိုင်းထက် စီးပွားရေးလုပ်များကို အနုတ်သဘော ပိုမို သက်ရောက်စေခဲ့သည်။ ရန်ကုန်မြို့တွင် စစ်တမ်းကောက်ယူခဲ့သည့် စီးပွားရေးလုပ်ငန်းများ၏ ထက်ဝက်သည် အောက်တိုဘာလအတွင်းက ယာယီပိတ်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းက လာမည့် သုံးလအတွင်း ပြန်မဖွင့်နိုင်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ 

ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း အထူးသဖြင့် ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ သို့သော် အချို့ စီးပွားရေး လုပ်ငန်းများသည် e-commerce အခွင့်အလမ်းကို အသုံးချ၍ အသွားအလာ ကန့်သတ်ချက်များ၏ သက်ရောက်မှု ရှိသည့်တိုင် ပိုကောင်းသည့် အခြေအနေကို ဖန်တီးနိုင်ခဲ့ကြသည်။ 

ကပ်ရောဂါ၏ ဆက်လက် သက်ရောက်မှုများကြောင့် မြန်မာ့စီးပွားရေး တိုးတက်မှုသည် ၂၀၂၁/၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၂ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှု လျော့နည်းလာပါက အသွားအလာ ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖြေလျှော့လိုက်လျှင် စီးပွားရေးသည် ၂၀၂၁ ခုနှစ်၊ မတ်မှစ၍ တဖြည်းဖြည်း ပြန်ကောင်းလာမည်ဟုလည်း အစီရင်ခံစာက ခန့်မှန်းသည်။ 

ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊ ကုန်ထုတ်လုပ်ရေးများ ပြန်လည် ဦးမော့လာခြင်းနှင့် ဒစ်ဂျစ်တယ် နည်းပညာကို သုံးကာ ထုတ်လုပ်မှု တိုးမြှင့်လိုက်လျှင် ပျမ်းမျှအားဖြင့် တိုးတက်မှု ၇ ရာခိုင်နှုန်းအထိ တက်လာမည်ဟု အကောင်းမြင်ထားသည်။ 

သို့သော် ကပ်ရောဂါ၏ အနာဂတ် ဖြစ်ပေါ်ပြောင်းလဲမှုမှာ မရောရာမှုများ ဆက်ရှိနေသဖြင့် ဒေသတွင်းတွင်ရော တစ်ကမ္ဘာလုံး အတိုင်းအတာအရပါ အန္တရာယ် ဆက်ရှိနေဆဲ ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ဆေးဝါးများ ကျယ်ကျယ်ပြန့်ပြန့် မဖြန့်နိုင်ခြင်း၊ ထိရောက်စွာ မကုသနိုင်ခြင်းတို့ကြောင့် ကပ်ရောဂါလှိုင်းသစ် ထပ်ဖြစ်လျှင် ရလဒ်အားဖြင့် ကာလရှည်ကြာနိုင်ပြီး တင်းကျပ်မှုများလည်း ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ ပြည်တွင်း လုပ်ဆောင်မှုများ ပိုမိုလျော့ကျပြီး အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု တိုးတက်ခြင်းများလည်း အကန့်အသတ် ရှိလာနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ 

 “မြန်မာဟာ စီးပွားရေး ထောက်ပံ့မှုနဲ့ ဆင်းရဲနွမ်းပါးမှု မြင့်တက်နေတာတွေကို လျှော့ချနိုင်ဖို့ ကိုဗစ်-၁၉ တုံ့ပြန်ရေး အစီအစဉ်တွေကို အကောင်အထည် အမြန်ဆုံးဖော်ဖို့ လိုပါတယ်။ ရေတိုမှာ မြန်မာအစိုးရဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို လျှော့ချဖို့ လုပ်ဆောင်သင့်တယ်။ ဆင်းရဲနွမ်းပါးသူတွေနဲ့ အားနည်းသူတွေအတွက် ကုစားရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် ထောက်ပံ့ပေးပြီး စီးပွားရေး လုပ်ဆောင်မှုတွေကို အားပေးရမယ်။ ရေရှည်အတွက်ကတော့ အခြေခံအဆောက်အဦနဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ပြည်တွင်းလိုအပ်ချက် မြင့်မှုနဲ့ အလုပ်အကိုင်တွေကို တိုးတက်လာစေမယ်။ တစ်ချိန်တည်းမှာ စီးပွားရေး ထုတ်လုပ်မှု စွမ်းဆောင်ရည်ကိုလည်း မြှင့်နိုင်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ် ရှာမန်က ပြောသည်။ 

‘မြန်မာ့စီးပွားရေး စောင့်ကြည့်မှု’ အစီရင်ခံစာကို တစ်နှစ် နှစ်ကြိမ် ထုတ်ပြန်ပြီး မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ် စီးပွားရေး ပုံမှန်စောင့်ကြည့်ရေး၊ မူဝါဒဆွေးနွေးရေးတို့မှ ရသော အချက်အလက်များကို အသုံးပြုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly