လွိုင်ကော်လေဆိပ်သို့ ရောက်ရှိလာသူများ ဟိုတယ် သို့မဟုတ် အစိုးရ ကွာရန်တင်း စင်တာသို့ ဝင်နိုင် 

လွိုင်ကော်လေဆိပ်သို့ ရောက်ရှိလာသူများ ဟိုတယ် သို့မဟုတ် အစိုးရ ကွာရန်တင်း စင်တာသို့ ဝင်နိုင် 
ဓာတ်ပုံ - စောသန်းထိုက်ဦး

ဒီဇင်ဘာ ၁၆၊ ၂၀၂၀ 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များသည် ဟိုတယ်တွင် သို့မဟုတ် ပြည်နယ်အစိုးရ စီစဉ်ထားသည့် ကွာရန်တင်း စင်တာများတွင် ဝင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဒုတိယ ဦးစီးမှူး ဦးနန်းဝင်းဦးက ပြောသည်။ 

“ရန်ကုန်ကလာတဲ့လူတွေ ဟိုတယ် ကွာရန်တင်း ဝင်ချင်တယ်ဆိုရင် ဟိုတယ် ကွာရန်တင်းမှာ သွားနေ။ မနေချင်ဘူးဆိုရင် ရန်ကုန်က လာတယ်ဆိုရင် လွိုင်ကော် ပညာရေး ကောလိပ် ကွာရန်တင်းစင်တာ၊ ရန်ကုန်အဆောင်မှာပဲ သီးသန့်ထားမှာပါ” ဟု ဦးနန်းဝင်းဦးက ဆိုသည်။ 

လွိုင်ကော်သို့ လေယာဉ်ဖြင့် ဒီဇင်ဘာ ၁၆ ရက်နေ့ ရောက်ရှိလာသူများအနက် ဟိုတယ် ကွာရန်တင်း ဝင်ရောက်မည့်သူများကို စိစစ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လေယာဉ် စတင်ပြေးဆွဲခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက လွိုင်ကော်လေဆိပ်တွင် တွေ့ဆုံမေးမြန်းရာ ဦးနန်းဝင်းဦးက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ 

မြန်မာအမျိုးသား လေကြောင်း (MNA) မှ တာဝန်ခံ ဦးအောင်မြင့်က “ဒီမှာ ဟိုတယ် ကွာရန်တင်း ထားတာ ခုနစ်ရက်ဆိုတော့ မနေ့ (ဒီဇင်ဘာ ၁၅ ရက်) က ကျွန်တော်တို့ အစည်းအဝေး လုပ်တယ်။ တစ်ရက် ကျပ် ၅၀၀၀၀ ဆိုတော့ သုံးသိန်းခွဲလောက် ဖြစ်သွားပြီ။ အဲဒါ အခက်အခဲရှိတယ်။ ကျွန်တော်က ဝယ်ရောင်းပဲ။ နောက် သူတို့ စားစရိတ်ရှိမယ်၊ ရောဂါ စစ်ဆေးခတွေ ရှိမယ်” ဟု ပြောသည်။ 

ကယားပြည်နယ် လွိုင်ကော်မြို့ကို လာရောက်မည့် ခရီးသည်များ အနေဖြင့် ကုန်ကျစရိတ် များသောကြောင့် ခရီးသည် နည်းပါးမှုနှင့် ကြုံရနိုင်ကြောင်းလည်း ဦးအောင်မြင့်က ဆက်ပြောသည်။ 

“သူတို့ သတ်မှတ်တာကတော့ လေယာဉ်စီးတဲ့ ခရီးသည်တွေ ပိုက်ဆံရှိတယ်လို့ ထင်တယ်။ မရှိတဲ့သူလည်း အများကြီးပဲ။ ဆေးသွားကုမယ်၊ ကျောင်းသွားတက်မယ်၊ အဲဒီလို လူတွေကျတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ” ဟု ၎င်းက ရှင်းပြသည်။ 

ပြည်တွင်း ပုံမှန်လေကြောင်း ခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြု၍ လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် လေယာဉ်ပေါ် မတက်မီ ၃၆ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း ထောက်ခံစာပါရမည် ဖြစ်ပြီး လေယာဉ် Check-in မဝင်မီ တင်ပြရမည်ဟု သတ်မှတ်ထားသည်။ 

ထို့အပြင် မိမိနေရပ် လိပ်စာ၊ သွားရောက်မည့် နေရာလိပ်စာ၊ ဖုန်းနံပါတ်များကိုလည်း ဖြည့်ကြရမည် ဖြစ်ပြီး ရောက်ရှိရာနေရာမှ ဒေသဆိုင်ရာ အမိန့်ညွှန်ကြားချက်များကို လိုက်နာကြရမည် ဖြစ်သည်။ 

Stay at Home မြို့နယ်များမှ Stay at Home ပြင်ပ မြို့နယ်များသို့ သွားမည်ဆိုပါက သတ်မှတ်ထားသည့် ဟိုတယ် သို့မဟုတ် Facility ကွာရန်တင်း ဝင်ကြရမည်ဖြစ်ရာ ကုန်ကျစရိတ်ကို မိမိဖာသာ ကျခံရမည်ဖြစ်ပြီး ကွာရန်တင်း ထွက်ချိန် ထပ်မံ စစ်ဆေးခကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။ 

လွိုင်ကော်လေဆိပ်သို့ ယနေ့ မြန်မာအမျိုးသား လေကြောင်းဖြင့် ရန်ကုန်မြို့မှ ခရီးသည် သုံးဦး ရောက်ရှိလာပြီး ရန်ကုန်သို့ ခရီးသည် ခုနစ်ဦး ပြန်လည် စီးနင်းသွားကြောင်း သိရသည်။ 

ရန်ကုန်သို့ ပြန်မည့်သူများထဲမှ မအိရွှေစင်ဖြိုးက “မသွားမဖြစ် သွားရမယ်လူတွေ ရှိနေတယ်ပေါ့နော်။ ကျွန်မဆိုရင်လည်း အိမ်ပြန်မယ့်ကိစ္စရှိနေတယ်။ လေကြောင်းလိုင်းလည်း မထွက်၊ ကားလိုင်းလည်း မထွက် ဖြစ်နေတဲ့အခါကျတော့ ဒီမှာပဲ ပိတ်မိနေတယ်လို့ ပြောရမှာပေါ့နော်။ အခုလို လေကြောင်းလိုင်း ပြန်ဖွင့်ပေးလိုက်တော့ အဆင်ပြေတယ်။ ဆေးစစ်ချက်တွေလည်းပါတယ်ဆိုတော့ တော်တော်လေး အဆင်ပြေတယ်” ဟု ပြောသည်။ 

ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ပြန်ရောက်လာ သူ သုံးဦးကို နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (နတလ) ကွာရန်တင်း စင်တာဆီ ရွှေလွိုင်ကော် ပရဟိတကားဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly