ဘီလူးချောင်း ထိန်းသိမ်းရေး ဌာနသီးသန့်ဖွဲ့ရန် လွှတ်တော်တင်မည်

ဘီလူးချောင်း ထိန်းသိမ်းရေး ဌာနသီးသန့်ဖွဲ့ရန် လွှတ်တော်တင်မည်

ဒီဇင်ဘာလ ၁၅၊ ၂၀၂၀

ကယားပြည်နယ်ရှိ ဘီးလူးချောင်းကို ထိန်းသိမ်းရန် ဌာနတစ်ခုသီးသန့် ထားရှိရန် လွှတ်တော်တွင် တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ကယားပြည်နယ် လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကော်မတီဝင် ဦးတေဇာဝင်းထွန်းက ပြောသည်။

နေပြည်တော်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းအင်းအိုင် စောင့်ရှောက်ရေး ဝန်ကြီးဌာနကဲ့သို့ ဌာနတခု အနေဖြင့် လာမည့်လွှတ်တော်တွင် တင်ပြတောင်းဆိုသွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ ပြည်နယ်မှာ ဝန်ကြီးဌာန တစ်ခုအနေနဲ့ ထားရှိပြီးတော့ ဒီချောင်းကို ထိန်းသိမ်းမယ် ဆိုရင်တော့ အဆင်ပြေတယ်။ ဒါလေးကို ကျွန်တော်တို့အနေနဲ့ အဓိက တွေ့လိုက်ရတယ်။ အဲဒီအတွက် လာမယ့် လွှတ်တော်အစည်းအဝေးမှာ ကျွန်တော်တို့ အဆိုတစ်ခုအနေနဲ့ ဌာနတစ်ခုကို အမြန်ဆုံး အကောင်အထည် ဖော်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ဆိုသည်။

ဘီလူးချောင်းကို ထိန်းသိမ်း ရှောက်စောင့်ရေးနှင့် ပတ်သက်၍ အစိုးရ ပြည်နယ်ဌာန ဆိုင်ရာအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ် ၂၀ ဦးခန့် လွှတ်တော် ရေးရာကော်မတီများ ခန်းမဆောင်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဦးတေဇာဝင်းထွန်းက ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

“သုံးစွဲနေတဲ့ ဌာနဆိုင်ရာတွေ ရှိတယ်။ ရေအရင်းအမြစ်တို့၊ ဆည်မြောင်းတို့၊ ရေကိုစုပ်တယ်၊ စုပ်ပြီးတော စိုက်ပျိုးရေးရေတို့ သုံးတယ်။ ပြီးရင် လျှပ်စစ်ဝန်ကြီးဌာန ဆိုရင်လည်း ဒီရေနဲ့ပဲ စွမ်းအင်တွေ ထုတ်တယ်ပေါ့။ စည်ပင်ဆိုရင်လည်း ဒီရေကို ယူတယ်။ စည်ပင်ရေ ဖြန်ချိသုံးစွဲတယ်။ ဒီချောင်းကိုသာ သုံးသွားတယ်။ ဒီချောင်းကို ပြန်ထိန်းသိမ်းမယ့်ဌာနဆိုတာ ကျွန်တော်တို့ ပြည်နယ်မှာ မရှိသေးဘူး” ဟု ဦးတေဇာဝင်းထွန်းက ရှင်းပြသည်။

ထို့အပြင် ဘီးလူးချောင်းရေကို လောပိတ ရေးအားလျှပ်စစ် ထုတ်လုပ်ရာတွင် သာမက လွိုင်ကော်မြို့ပေါ် ပြည်သူများ၊ စိုက်ပျိုးရေး လုပ်ကိုင်သူများလည်း အသုံးပြုကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအစည်းအဝေး မတိုင်ခင် ၁၀ ရက်နေ့က ဘီးလူးချောင်း တစ်လျှောက် ကျွန်တော်တို့ သွားလေ့လာတယ်။ လေ့လာတဲ့အချိန်မှာ အဓိက မြို့ (နဲ့ အဝေး) နှစ်မိုင်ပေါ့၊ နှစ်မိုင် (အကွာအဝေးမှာ) ရှိတဲ့ ဒီချောင်းထဲမှာ အမှိုက်တွေ အရမ်းများတယ်။ လက်ရှိအနေအထားမှာ ရေအားလျှပ်စစ်ကလည်း ရေကို အများကြီး မသုံးဘူး။ မသုံးတဲ့အခါကျတော့ ကန်သဘောမျိုးကို ဖြစ်နေတယ်။ ရေက မစီးဘူး။ စီးတဲ့ရေက အနည်းအကျဉ်းပဲ၊ ရေအောက်ရေပဲ စီးတယ်။ ဆိုတော့ အဲဒီမှာ အမှိုက်တွေက မြို့ဧရိယာမှာ ပုံနေတယ်။ ဒါကို တွေ့ရတယ်။ နောက်တစ်ခုက စည်ပင်ကနေပြီးတော့ ရေကို စုပ်ပြီးတော့ သုံးတယ်။ ဒါပေမယ့် အဲဒီရေက ပြန်ပြီးတော့ ဘီလူးချောင်းထဲကိုပဲ ပြန်ပြီးတော့ စီးဝင်တယ်။ ဆိုတော့ အခုန ရေက မစီးဆင်းတဲ့အခါကျတော့ ညစ်ညမ်းတဲ့ ရေကိုပဲ ကျွန်တော်တို့ လှည့်ပြီးတော့ သုံးနေရတဲ့ပုံစံမျိုးကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်” ဟု ဦးတေဇာဝင်းထွန်းက ပြောသည်။

ရှမ်းပြည်နယ်၊ အင်းလေးကန်မှ စီးဆင်းလာသော ရေသည် ဖယ်ခုံအင်းမှတစ်ဆင့် ဘီလူးချောင်းအဖြစ် စီးဆင်းလာခြင်း ဖြစ်သည်။ ဘီလူးချောင်းမှရေကို ယူပြီး ဘီလူးချောင်း အမှတ် (၁)၊ (၂) နှင့် (၃) လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly