တိုင်းရင်းသား အခွင့်အရေးကို လက်နက်ကိုင် တောင်းဆိုလျှင် ဒေသခံများသာ နစ်နာမည်ဟု သမ္မတ ပြော

တိုင်းရင်းသား အခွင့်အရေးကို လက်နက်ကိုင် တောင်းဆိုလျှင် ဒေသခံများသာ နစ်နာမည်ဟု သမ္မတ ပြော

ဒီဇင်ဘာ ၁၅၊ ၂၀၂၀

တိုင်းရင်းသားများအနေဖြင့် မိမိတို့ အခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများကို ထိခိုက်နစ်နာစေသဖြင့် သတိပြုသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်က “မိမိတို့တိုင်းရင်းသားများ အခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများအား အထိအခိုက် အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြုသင့်ပါသည်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောထားသည်။

ဒီမိုကရေစီ လမ်းကြောင်းအပေါ် လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားများအနေဖြင့် မိမိတို့လိုလားချက်ကို ရွေးချယ်ခံ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အတွင်း တင်ပြတောင်းဆိုနိုင်သကဲ့သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ အစည်းအဝေးများတွင်လည်း တွေ့ဆုံညှိနှိုင်းသည့် နိုင်ငံရေးလမ်းကြောင်းများ ဖွင့်ထားပြီးဖြစ်ကြောင်း သမ္မတက ဆိုသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ကြွေးကြော်နေသည့် ဖက်ဒရယ်ပြည်ထောင်စု လမ်းစဉ်ကို အကောင်အထည်ဖော်ပြီး တိုင်းရင်း သား တန်းတူညီမျှရေးနှင့် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်မှသာ ငြိမ်းချမ်းရေးကို ဦးတည်နိုင်လိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

“အစိုးရရယ်၊ တပ်မတော်၊ AA ရယ် အဲဒီလိုမျိုး သုံးဦး၊ သုံးကိုယ်စားလှယ် ဆွေးနွေးမှုတွေ လုပ်ပြီးမှ မြန်မြန်ဆန်ဆန် ဒေသဖွံ့ဖြိုးရေးကို လုပ်နိုင်လာမယ်၊ ဒေသဖွံ့ဖြိုးရေးကို လုပ်နိုင်လာလေ၊ ပြည်သူတွေက ငါတို့လည်း အခွင့် အရေး ရလာနေပြီ၊ တန်းတူညီတူ ရလာနေပြီဆိုတဲ့ ခံစားမှုတွေ မြန်မြန် ပေါ်ပေါက်လာမှာပေါ့။ အဲဒါဆိုရင် လက်နက်ကိုင်ချင်စိတ် သိပ်ပြီးတော့ ရှိကြမှာ မဟုတ်ဘူး။ ဥပဒေဘောင်ထဲက ပြောလို့ရရင် လက်နက်မကိုင်ဘူး။ ဥပဒေဘောင်ထဲက ပြောလို့မရရင် လက်နက်ကိုင်ကြမယ်။ ဒါက သဘာဝပါပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖေသန်းက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်မည့် အခြေအနေတစ်ခု ရောက်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အား လုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထူးမေတ္တာရပ်ခံ တိုက်တွန်းထားသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကျင်းပပေးစေလိုသည့် ရခိုင့်တပ် AA အဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်နေ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်သည် နိုင်ငံ့စီးပွားရေး၊ လူမှုရေး၊ ပထဝီ အနေအထားအရ အရေးပါသည့် ဒေသတစ်ခု ဖြစ်သည်နှင့်အညီ ဒို့တာဝန် အရေးသုံးပါးကို သတိမူပြီး မိမိနိုင်ငံ အကျိုးစီးပွားသာ ပထမဆိုသည့် အသိတရားကို လက်ကိုင် ထားရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ ဖြစ်ပွားခဲ့သည့် နှစ်နှစ်နီးပါးကြာ တိုက်ပွဲကြောင့် ဒေသခံ နှစ်သိန်းကျော် စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံခဲ့ရပြီး လက်ရှိတွင် တိုက်ပွဲများ ရပ်တန့်နေသည့်အတွက် ဒေသခံတချို့လည်း နေရပ်ပြန်နေကြပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly