အမေရိကန်သမ္မတရွေးချယ်ရေးအဖွဲ့က ဂျိုးဘိုင်ဒင်ကို အနိုင်ရသူအဖြစ် အတည်ပြု 

အမေရိကန်သမ္မတရွေးချယ်ရေးအဖွဲ့က ဂျိုးဘိုင်ဒင်ကို အနိုင်ရသူအဖြစ် အတည်ပြု 
Photo: AFP

ဒီဇင်ဘာ ၁၅ 

အမေရိကန် သမ္မတရွေးချယ်ရေးကိုယ်စားလှယ်အဖွဲ့က ဂျိုးဘိုင်ဒင်ကို အနိုင်ရသမ္မတအဖြစ်  တနင်္လာနေ့က တရားဝင် အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် အမေရိကန်ရဲ့ ၄၆ ယောက်သမ္မတ ဖြစ်လာတော့မှာဖြစ်ပါတယ်။  

နိုင်ငံရဲ့လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ကိုယ်စားလှယ်မဲ ၅၅ မဲကို ဘိုင်ဒင်က ထပ်မံရရှိလိုက်တဲ့အတွက် သမ္မတဖြစ်ဖို့လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ကို ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။  
ထရမ့်က ၂၃၂ မဲ  ဘိုင်ဒင်က ကိုယ်စားလှယ်မဲ ၃၀၆ မဲ အသီးသီးရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လေးနှစ်တုန်းက ထရမ့်သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ မဲရလဒ်နဲ့ အလားသဏ္ဍာန်တူပါတယ်။  

ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင်မက်လင်က ၎င်းတို့ပြည်နယ်ရဲ့ ကိုယ်စားလှယ်မဲတွေကို ဘိုင်ဒင်နဲ့ ကမ်မလာဟဲရစ်တို့ကို ပေးတဲ့အကြောင်း ဖတ်ပြခဲ့တာဖြစ်ပါတယ်။  

သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ အတည်ပြုချက်ရပြီးတဲ့နောက် ဘိုင်ဒင်က အမေရိကန်ဒီမိုရေစီဟာ ဒေါ်နယ်ထရမ့်ရဲ့ အာဏာအလွဲသုံးစားလုပ်မှုကို ခံနိုင်ရည်ရှိတယ်ဆိုတာ သက်သေပြခဲ့တယ်လို့  တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။  

“ထရမ့်နဲ့မဟာမိတ်တွေဟာ ပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြုဖို့ငြင်းဆန်ခဲ့သလို တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကိုလည်း လေးစားမှုမရှိဘူး” လို့ ဘိုင်ဒင်က ပြောဆိုလိုက်ပါတယ်။  

 ကိုယ်စားလှယ်မဲရလဒ်အသီးသီးကို ဝါရှင်တန်ကို ဆက်လက်ပေးပို့မှာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်မှာကျင်းပမယ့် ပူးတွဲကွန်ဂရက်အစည်းအဝေးမှာ ထပ်မံအတည်ပြုသွားမှာဖြစ်ပါတယ်။ အဲဒီအစည်းဝေးကို ဒု-သမ္မတ မိုက်ပင့်စ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  

အိုဘားမားလက်ထက်က ဒု-သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘိုင်ဒင်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်ရဲ့ ၄၆ ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုရမှာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required