ထိုင်းနိုင်ငံ ချာနာရှိ တရုတ်ထောက်ပံ့သော အထူးစီးပွားရေးဇုံအား ဆန့်ကျင်ဆန္ဒပြ

ထိုင်းနိုင်ငံ ချာနာရှိ တရုတ်ထောက်ပံ့သော အထူးစီးပွားရေးဇုံအား ဆန့်ကျင်ဆန္ဒပြ

ဒီဇင်ဘာလ ၁၄

ချာနာခရိုင်အတွင်း တရုတ်ထောက်ပံ့သော စီးပွားရေးဇုန် တည်ဆောက်ရန် ထိုင်းအစိုးရ၏ အစီအစဉ်အား စိတ်ဆိုးဒေါသထွက်ကာ လူများသည် ဝန်ကြီးချုပ် ပရာယွတ်ချိန်အိုချာ၏ ရုံးအနီးတွင် ဒေါ်လာသန်းထောင်ပေါင်းများစွာတန် စီမံကိန်းသည် ပတ်ဝန်းကျင်အား ထိခိုက်စေကာ သူတို့၏ နေ့စဉ်ဘဝများအပေါ် အနှောင့်အယှက်ဖြစ်မည် စိုးရိမ်မှုကြောင့် ဆန့်ကျင်ဆန္ဒပြရန် စုဝေးခဲ့ကြသည်။

ကြာသပတေးနေ့တွင် ဆွန်ကလာပြည်နယ်ရှိ ထိခိုက်သော ခရိုင် ချာနာမှ ဒါဇင်ပေါင်းများစွာသော လူတို့သည် ဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ဆန္ဒပြခဲ့ကြပြီး အုပ်ချုပ်ရေးမှ ကြားသိရသည်အထိ စခန်းချနေရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့ကြောင်း Radio Free Asia (RFA) မှ တင်ပြထားသည်။

ချာနာရက်ခ်တင်ကွန်ယက်(ချာနာမြို့ချစ်သူများကွန်ယက်) ခေါင်းဆောင် ဆွမ်ဘွန်းခမ်းဟိန်းက လူ၅၀ဦးသည် ဆန္ဒပြရန် မြို့တော် ဘန်ကောက်ကို သွားပြီဖြစ်ကြောင်း ပြောခဲ့သည်။

“ပထမဆုံးအနေနဲ့ အစိုးရက တရုတ်စက်မှုဇုန်၊ မြို့စီမံကိန်းနဲ့ EIA ကို ချက်ချင်း ရပ်ရမယ်။ ဒုတိယအနေနဲ့ အစိုးရက တောင်ပိုင်းရှိ မည်သည့်စီမံကိန်းများတွင်မဆို အနာဂတ်ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် အရည်အသွေးဆိုင်ရာ ဗဟုသုတများစုဆောင်းရန် မဟာဗျူဟာမြောက်ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှု (SEA) ကိုစေ့စေ့စပ်စပ်လုပ်ဆောင်ရမယ်။”ဟု ဆွမ်ဘွန်းက RFA နှင့်ဆက်နွှယ်သည့် အွန်လိုင်းသတင်း ဝန်ဆောင်မှုတစ်ခုဖြစ်သည့် BenarNews သို့ပြောကြားခဲ့သည်။

ချာနာအထူးဇုန်အား တောင်ပိုင်းရှိ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရပ်ဘက်ဆိုင်ရာ ကိစ္စများအား ကြီးကြပ်သည့် တောင်ပိုင်းနယ်စပ်ခရိုင်များအုပ်ချုပ်ရေးစင်တာ(SBPAC)မှ စတင်ခဲ့ကာ ၂၀၁၉ ခုနှစ် မေလတွင် အစိုးရထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း SBPAC ဒါရိုက်တာ ဆွမ်ခေတ်ပေါ်ပရာယွန်၏ ပြောဆိုချက်အရ သိရသည်။

 “ဒီကိစ္စကြောင့် ဘာပဋိပက္ခမှ မဖြစ်စေချင်ဘူး။ ဒီစီမံကိန်းက ချာနာမှ နေတဲ့ သူတွေအတွက်သာမကပဲ လူတိုင်းအတွက် ဖြစ်ပါတယ်”ဟု ဆွတ်ခေတ်က ဒေသခံဆန္ဒပြပွဲများအပြီး စက်တင်ဘာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဝန်ကြီးချုပ် ပရာယွတ် ဝန်ကြီးအဖွဲ့သည် အထူးဇုန်လုပ်ဆောင်ရန်ကို အတည်ပြုခဲ့ကြောင်း လက်ထောက်ပြောရေးဆိုခွင့်ရအမျိုးသမီး ရတ်ချာဒါတာနာဒီရက်က ပြောကြားကြောင်း RFA က တင်ပြထားသည်။

စီမံကိန်းသည် ဧကပေါင်း ၆,၆၂၁ ခန့်ကျယ်ဝန်းမည်ဖြစ်ပြီး ပင်လယ်ဆိပ်ကမ်းများ၊ ကုန်းတွင်း သယ်ယူပို့ဆောင်ရေးကွန်ယက်များနှင့် လျှပ်စစ်ထုတ်ရန် ‘စွမ်းအင်အဆောက်အဦများ’ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၆၁၈.၈သန်းခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားသည်။

 ထိုစီမံကိန်းသည် ပတ်ဝန်းကျင်နှင့် နေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုအား သက်ရောက်လိမ့်မည်ဟု ဆွမ်ဘွန်းက ယုံကြည်သည်။

“ကျေးရွာစု သုံးခုရှိ နေရာတွေ ထိခိုက်လိမ့်မယ်၊ ပင်လယ်ကမ်းခြေလည်း ပြောင်းလဲသွားလိမ့်မယ်။ ရွာတွေကို ထိခိုက်စေနိုင်တဲ့ ရေနံဓာတုစက်ရုံတွေလည်း ဆောက်မယ်လို့ ကြားတယ်။ ဒီစီမံကိန်းကို ချက်ချင်း ရပ်စေချင်တယ်”ဟု သူက ပြောခဲ့သည်။

ထိုင်းဘာသာဖြင့်ထုတ်ဝေသော Prachachat သတင်းစာတွင် SPBAC သည် ထိုင်းကုမ္ပဏီ TPI Polene Power (TPIPP) နှင့် ဦးဆောင်လျက်ရှိသော ရေနံနှင့် ရေနံဓာတု လုပ်ငန်းစု IRPC တို့နှင့် ပူးပေါင်းခဲ့ကြောင်း ဖော်ပြထားသည်။

 ထို့အပြင် တရုတ်ရင်းနှီးမြှုပ်နှံ့သူများသည် One Belt, One Road ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စီမံကိန်းနှင့် ဆက်စပ်နေသည့် မြန်နှုန်းမြင့်ရထားလမ်းတွင် အမေရိကန်ဒေါ်လာ ၁၉.၉ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံနိုင်ချေရှိကြောင်း သတင်းစာက ဖော်ပြထားသည်။

OBOR သည် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံ တရုတ်အား အရင်းအမြစ်များရရှိနိုင်သော နိုင်ငံခြားဈေးကွက်များနှင့် နိုင်ငံများအား ဆက်သွယ်နိုင်ရန် ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းများ၊ ရထားလမ်းများ၊ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ကမ္ဘာ့ကွန်ယက်အား တည်ဆောက်ရန် တရုတ်၏ ကြီးမားသော ဆက်သွယ်မှုစီမံကိန်းဖြစ်သည်။ OBOR သည် နိုင်ငံများစွာတွင် ကြွေးမြီများ တင်ကျန်စေရန်နှင့် တရုတ်၏ ကြွေးမြီသံတမန်ရေးနှင့် ဆက်စပ်နေသည်ဟု ဝေဖန်သူများက ယုံကြည်ကြသည်။ အခြားသော ဆန္ဒပြသူတစ်ဦးသည် တရုတ်ပါဝင်ပတ်သတ်မှုနှင့် စပ်လျဉ်း၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

 “အရင်တုန်းက TPIPP နဲ့ IRPC တို့က မြေသိမ်းယူပြီးတော့ ဈေးတွေကို ကြိုးကိုင်ခဲ့တယ်။ ချာနာက စက်မှုဇုန်ဖြစ်လာတဲ့အခါ ဒီမြေတွေကို တရုတ်ကို ရောင်းစားပစ်မှာ။ ချာနာက မြေတွေကို နိုင်ငံခြားသားတွေကိုရောင်းတာက နိုင်ငံအရင်းအမြစ်တွေ ဆုံးရှုံးတာပဲ။ အဲတာကြောင့် ဒီစီမံကိန်းကို ကန့်ကွက်ရမယ်”ဟု ချာနာတွင်နေထိုင်သူ ရွန်ဂရန်ရာမန်ရာက BenarNews သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly