တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံညှိုနှိုင်းရန် NLD က ပုဂ္ဂိုလ် ၃ ဦး ရွေးချယ်  

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံညှိုနှိုင်းရန် NLD က ပုဂ္ဂိုလ် ၃ ဦး ရွေးချယ်  

ဒီဇင်ဘာ ၁၃

အနာဂတ်ပြည်ထောင်စုအတွက် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိုနှိုင်းရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်နေပြီး ယင်းသို့ တွေ့ဆုံနိုင်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ သုံးဦးကို NLD ပါတီက ရွေးချယ်ထားကြောင်း သိရသည်။  

တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နောင်အနာဂတ်တွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အားလုံး တပြိုင်တည်း အဆင်ပြေ ချောမွေ့လာမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။  

“မတွေ့တာစာရင် တွေ့ဆုံပြီးတော့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ဆွေးနွေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နားလည်မှု ရလာရင် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တပြိုင်တည်းဟာ အကုန်လုံး အဆင်ပြေ ချောမွေ့လာမယ်လို့ မြင်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။  

တိုင်းရင်းသားပါတီများ လိုချင်သည့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ရေး တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံစဉ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။  

“တိုင်းရင်းသားပါတီတွေနဲ့ တွေ့ရာမှာ အနာဂတ် နိုင်ငံတော်နဲ့ ပြည်ထောင်စုသစ်ရယ်လို့ ပြောထားပါတယ်။ အဓိက ကတော့ တိုင်းရင်းသားပါတီတွေ လိုချင်တဲ့ အနာဂတ် ဒီမိုကရေစီ ပြည်ထောင်စုကို ဘယ်လိုပုံစံ၊ ဘယ်လိုအရည်အသွေးတွေ လိုချင်တယ်ဆိုတာက အဓိကပါ” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။ 

NLD ပါတီက “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့် ခေါင်းစဉ်ဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီထံ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က အိတ်ဖွင့်စာပေးပို့ထားပြီး NLD ပါတီက ဖော်ဆောင်မည့် ဖက်ဒရယ်ဒီမိုကရေစီ အရေးကို ပူပေါင်းပါဝင် လုပ်ဆောင်ကြရန် မျှော်လင့်ကြောင်း အိတ်ဖွင့်စာတွင် ဖော်ပြထားသည်။  

အနာဂတ်တွင် တိုင်းရင်းသားများ၏ ဆန္ဒကို အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီများထံ ပေးပို့စာသည် NLD အစိုးရသက်တမ်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။  

ထိုသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ ဆန္ဒကို အလေးထားဆောင်ရွက်ရန် NLD ပါတီ၏ ကမ်းလှမ်းမှုအပေါ် ကြိုဆိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြောခွင့်ရ ဒေါ်အေးနုစိန်က မဇ္ဈိမသို့ ပြောသည်။  

“၂၀၁၅-၂၀၂၀ ခုနှစ်အတွင်း လုံးဝ မဆောင်ရွက်ခဲ့တဲ့ အခင်းအကျင်း တစ်ရပ်ကို အခု ၂၀၂၀ အနိုင်ရပြီးတဲ့ အနေအထားမှာ ခြေလှမ်းသစ် စတင်လိုက်တယ်ဆိုတော့ ကျွန်မတို့ဘက်က အကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ ကြိုဆိုတဲ့အကြောင်း ပြောထားပြီပြီ။ ဒါပေမယ့် ဒီဆောင်ရွက်ချက်အပေါ်မှာ အသေးစိတ် ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ အနေအထားကိုတော့ ကျွန်မတို့ စောင့်ကြည့်ရမှာဖြစ်တယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။  

NLD ပါတီက တိုင်းရင်းသားနိုင်ငံရေး ပါတီများထံ အိတ်ဖွင့်စာပေးရာတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေဖြင့်လည်း NLD ပါတီက ဆွေးနွေးညှိုနှိုင်းရန် ကမ်းလှမ်းပါက အဆင်သင့်ရှိကြောင်း SNLD ပါတီ ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောသည်။  

“ဆွေးနွေးတယ် ဆိုတာက သူတို့မှ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘယ်သူ့ကိုမဆို ဆွေးနွေးဖို့ အဆင်သင့်ပါပဲ” ဟု ပါတီ ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောသည်။  

လက်ရှိတွင် အနာဂတ်ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသစ်၏ ပုံသဏ္ဍာန်ကို ဘုံသဘောတူညီမှု ရရန်အတွက် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းမည့်အချိန်ကို မသိရသေးဘဲ လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် ပြင်ဆင်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများက ပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags