ရန်ကုန်တွင် မဲရုံဝန်ထမ်း ၁၀၀ နီးပါး COVID-19 ကူးစက်ခံရ ၆ ဦးသေဆုံး

ဒီဇင်ဘာ ၁၂ ၊ ၂၀၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရပ်ကျေးအဖွဲ့ဝင်နှင့် မဲရုံမှူး၊ ဒုမဲရုံမှူး စုစုပေါင်း ၉၅ ဦး COVID-19 ကူးစက်ခံထားရကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်မှသိရသည်။

ရပ်ကွက်နှင့်ကျေးရွာများမှအဖွဲ့ဝင် ၄၄ ဦးနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး ၅၁ ဦးတို့ COVID-19 ကူးစက်ခံခဲ့ရပြီး ၎င်းတို့အထဲမှာ ခြောက်ဦးမှာသေဆုံးခဲ့ပြီဟု ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲပြောခွင့်ရသူ ဦးကျော်မိုးကြည်ကပြောသည်။

“အခုလောလောဆယ်က ရန်ကုန်တိုင်းက ကော်မရှင်တွေကနေပြီးတော့ ဖြစ်တဲ့သူတစ်ဦးကို ငါးသောင်း၊ ဆုံးတဲ့သူတစ်ဦးကို တစ်သိန်းထောက်ပံ့တယ်။ အလားတူပဲပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သေဆုံးတဲ့သူတစ်ဦးကို တစ်သိန်းနှုန်းနဲ့ထောက်ပံ့တယ်” ဟုပြောသည်။

သို့သော် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်မှကောက်ယူထားသောစာရင်းထဲတွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခဲ့သူများ၏ မိသားစုဝင်စာရင်းနှင့် ကွာရန်တင်းဝင်ရသူစာရင်းမပါဝင်ကြောင်းလည်း ဦးကျော်မိုးကြည်ကပြောသည်။

ရွေးကောက်ပွဲတွင်ရပ်ကျေးအဖွဲ့ဝင်များအဖြစ် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများမှတာဝန်ထမ်းဆောင်ကြပြီး မဲရုံမှူး၊ဒုမဲရုံမှူးများအဖြစ် ဆရာဆရာမများကတာဝန်ယူခဲ့ကြသည်။

ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရင်း COVIDကူးစက်ခံရတာကြောင့်သေဆုံးရသည့် ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက သုံးသိန်းစီထောက်ပံ့ပေးနေသကဲ့သို့ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှလည်း တစ်ဦးကို နှစ်သိန်းနှုန်းထောက်ပံ့ပေးနေကြောင်း အတွင်းရေးမှူးဒေါက်တာဇော်မျိုးလှိုင်ကပြောသည်။

“ဆရာ၊ ဆရာမတွေဘက်က ကုသရတဲ့စရိတ်အပြင်၊ စိတ်ပိုင်းဆိုင်ရာကအစ အသက်အန္တရယ်နဲ့အရမ်းနီးတဲ့ရောဂါလေ။ ဆိုတော့ ဒီထက်ပိုပြီးချီးမြင့်နိုင်ရင်တော့ကောင်းတယ်” ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှကောက်ယူထားသည့်စာရင်းအရ ရန်ကုန်တိုင်းထဲတွင် COVID-19 ကူးစက်ခံရသည့် ဆရာ၊ ဆရာမ ၇၀ ကျော်ရှိပြီး ရန်ကုန်တိုင်းကော်မရှင်နှင့် စာရင်းကွာဟနေသည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် အခြားတာဝန်ရှိသူများအား COVID-19 ရောဂါအတွက် Swab Test များပြုလုပ်ပေးရန်လည်း ဦးဇော်မျိုးလှိုင်ကပြောသည်။

COVID-19 ကူးစက်ခံရသည့်ဆရာ၊ ဆရာမများတွင် အသက် ၃၀ မှ ၄၀ ဝန်းကျင်ရှိသူများအများဆုံးကူးစက်ခံရပြီး အသက် ၅၉ နှစ်အရွယ်တစ်ယောက်လည်းပါဝင်သည်။

ကျင်းပပြီးစီးခဲ့သည့် ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်း နှစ်သိန်းဝန်းကျင်က မဲရုံများတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly